
ဇွန် ၁၇ ရက် အစောပိုင်းမှာ ရုရှားက ယူကရိန်းမြို့တော် ကိယက်ဗ်မြို့တလွှားကို ဒရုန်းနဲ့ ဒုံးကျည်တွေ ဆင့်ကဲ တိုက်ခိုက်ခဲ့တာကြောင့် ၁၄ ယောက် သေဆုံးပြီး ၄၄ ယောက် ဒဏ်ရာရတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
မြို့တော်အနှံ့ နေရာ ၂၇ နေရာကို တိုက်ခိုက်ခဲ့တာဖြစ်ပြီး လူနေအိမ်ခြေတွေ၊ ပညာရေးအဆောက်အအုံတွေနဲ့ အရေးကြီးတဲ့ အထောက်အပံ့ အဆောက်အအုံတွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ ယူကရိန်းပြည်ထဲရေးဝန်ကြီးက ပြောပါတယ်။
ယူကရိန်းနိုင်ငံ တခြားနေရာတွေမှာလည်း တိုက်ခိုက်မှုတွေနဲ့ ရင်ဆိုင်နေရပြီး မြို့တော်ပြင်ပ ဒေသတခုမှာ တိုက်ခိုက်ခံရလို့ လူတယောက် ဒဏ်ရာရခဲ့သလို တောင်ပိုင်း ဩဒက်ဆာ ဒေသမှာလည်း ၁၃ ယောက် ဒဏ်ရာရခဲ့ပါတယ်။
ပဲ့ထိန်းဒုံးကျည်တစင်းဟာ ကိယက်ဗ်မြို့က လူနေ ၉ ထပ် အဆောက်အအုံကို ထိမှန်ခဲ့တာကြောင့် အပျက်စီးပုံထဲမှာ အသက်ရှင်ကျန်ရစ်သူတွေကို ရှာဖွေနေရဆဲ ဖြစ်ပါတယ်။
သုံးနှစ်ကျော်စစ်ပွဲ အဆုံးသတ်ရေးအတွက် တိုက်ရိုက်ဆွေးနွေးမှု နှစ်ကြိမ်အထိ ရှိလာပေမဲ့ ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေအတွင်း နှစ်ဖက် ဒရုန်းတိုက်ခိုက်မှုတွေ အရှိန်မြင့်လာခဲ့ပါတယ်။
ဆွေးနွေးမှုတွေမှာ အကျဉ်းသားလဲလှယ်ရေး၊ ကျဆုံးစစ်သည် အလောင်းပြန်ပေးရေးတွေပဲ သဘောတူနိုင်ခဲ့ပြီး အပစ်ရပ်ရေး အလှမ်းဝေးနေဆဲ ဖြစ်ပါတယ်။
Source: Reuters