
အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ ၅၈ ကြိမ်မြောက် အစည်းအဝေးကို ဇူလိုင် ၈ ရက်၊ ၉ ရက်တွင် ကွာလာလမ်ပူ၌ ကျင်းပနေကြသည်။ ယခုအခါ အာဆီယံရင်ဆိုင်လာရမည့် ပြဿနာကား မြန်မာအကျပ်အတည်းကို မည်သို့ဖြေရှင်းရမည်ကို အဖြေရှာဖို့ထက် နိုင်ငံတွင် နိုင်ငံရေး အသွင်ကူးပြောင်းလာမည့် အရေးအတွက် ရပ်တည်ပေးကြမည်လော ဆိုသည်ပင် ဖြစ်သည်ဟု ဩစတြေးလျရှိ Lowy Institute မှ ထုတ်ဝေသော The Interpreter စာစောင်တွင် ယခုကဲ့သို့ ရေးသားလာခဲ့သည်။
ထိုသို့ ရပ်တည်ပေးသည် ဆိုရာတွင်လည်း နေပြည်တော် စစ်ဌာနချုပ်မှ ဦးဆောင်ဦးရွက် ပြုလာခြင်းကို ထောက်ခံဖို့မဟုတ်ဘဲ ပြည်သူများက ၎င်းတို့၏ ပြောင်မြောက်သော အနာဂတ် ပေါ်ပေါက်ရေးအတွက် ကျေးရွာများ၊ တောင်တန်းများနှင့် လွတ်မြောက်နယ်မြေများမှ ထွက်ပေါ်လာသောအသံများ နောက်ကွယ်မှ ရပ်တည်ပေးသွားရန်ပင် ဖြစ်သည်။
မြန်မာသည် ယခုထိ မင်းမဲ့တိုင်းပြည်အဖြစ်သို့ မရောက်သေး၊ ထိုအစား ခေတ်သစ်သမိုင်းတွင် ရည်မှန်းချက်အမြင့်ဆုံးနှင့် အခက်ခဲဆုံး နိုင်ငံရေး အသွင်ကူးပြောင်းမှုကြီး ထွက်ပေါ်လာရန် ကြိုးစားရုန်းကန်နေချိန်လည်း ဖြစ်သည်။
တိုင်းရင်းသားနယ်မြေများနှင့် တော်လှန်ရေးအင်အားစုစခန်းများ တလျှောက်တွင် ရပ်ရွာလူထုသည် ဆယ်စုနှစ်များစွာကြာ ရုန်းကန်ခဲ့ရမှုအပေါ် အခြေခံ၍ စစ်အုပ်ချုပ်ရေး ဗဟိုချုပ်ကိုင်မှုကို တစုတပေါင်းတည်း ငြင်းပယ်လာနေကြပြီး ၎င်းတို့လိုလားသည့် နိုင်ငံရေးအဖွဲ့အစည်းသစ်များကို တည်ဆောက်နေချိန်လည်း ဖြစ်သည်။ ၎င်းတို့အားလုံး၏ တခုတည်းသော ရည်မှန်းချက်သည် စစ်မှန်ပြီး အားလုံးပါဝင်နိုင်မည့် ဖက်ဒရယ်ပြည်ထောင်စုအား အောက်ခြေကို အခြေပြု၍ တည်ဆောက်သွားရေးပင် ဖြစ်သည်။
ထိုရည်မှန်းချက်အတွက် အဓိက ဦးဆောင်လှုပ်ရှားနေသည်က အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံ ကောင်စီ (NUCC) ပင် ဖြစ်သည်။ ထိုအဖွဲ့တွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH)၊ အရပ်ဖက်အဖွဲ့အစည်းများ၊ CDM လှုပ်ရှားမှု၊ တိုင်းရင်းသား နိုင်ငံရေးပါတီများ၊ လက်နက်ကိုင်အဖွဲ့အစည်းများ ပါဝင်နေကြသည်။
ယခုအခါ အားလုံးက တညီတညွတ်တည်း ပြောဆိုလာကြသည်က ဖက်ဒရယ်စနစ်အား အထက်မှ မဟုတ်ဘဲ အောက်ခြေကို ဗဟိုပြု၍ အကောင်အထည် ဖော်နိုင်ရေးပင် ဖြစ်သည်။ ယင်းသည် ဗဟိုချုပ်ကိုင်မှု လျှော့ချရန် ပြောနေခြင်း မဟုတ်တော့ဘဲ အာဏာကို ခွဲဝေကျင့်သုံးနိုင်ရေး၊ ကွဲပြားခြားနားမှုများကို အကာအကွယ်ပေးနိုင်ရေး၊ လူ့အဖွဲ့အစည်း အသီးသီးသည် ၎င်းတို့၏ အနာဂတ်ကို ၎င်းတို့ကိုယ်တိုင် ဖော်ဆောင်နိုင်ရေးတို့ ပါဝင်မည့် နိုင်ငံရေးစနစ်သစ်တရပ်ကို တောင်းဆိုလာကြခြင်းပင် ဖြစ်သည်။
ဖက်ဒရယ်စနစ်ကို ဘေးဖယ်ထုတ် စဉ်းစားခြင်းသည်ပင် နိုင်ငံညီညွတ်ရေးကို ခြိမ်းခြောက်လာနိုင်သည့်အရေး ဖြစ်သည်ဟု ယူဆရမည်သာ ဖြစ်သည်။ ယခုအခါ အောက်ခြေမှ အကောင်အထည်ဖော်သွားမည့် ဖက်ဒရယ်စနစ်သည် အယူအဆတခု မဟုတ်တော့ဘဲ လက်တွေ့ အကောင်အထည် ဖော်နေကြပြီ ဖြစ်သည်။ ဥပမာအားဖြင့် ကရင်နီပြည်နယ်တွင် ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီနှင့် ကြားဖြတ်အုပ်ချုပ်ရေးကောင်စီသည် အုပ်ချုပ်ရေးအား မြို့နယ် ၇ မြို့နယ် မှ ၁၆ မြို့နယ်အထိ တိုးချဲ့ ဆောင်ရွက်လာနေပြီ ဖြစ်သည်။
နိုင်ငံတော်အဆင့်တွင်လည်း NUCC သည် အခြားရွေးချယ်စရာ ဖက်ဒရယ်ကြားကာလ စီစဉ် ညှိနှိုင်းမှုများ Alternative Federal Transitional Arrangements (AFTA) အဖြစ် လုပ်ငန်းဘောင်တခုကို တစုတဝေးတည်း ချမှတ်လာခဲ့သည်။ ဖက်ဒရယ်အုပ်ချုပ်ရေးအတွက် နိုင်ငံရေးပုံစံ အကြမ်းထည်လည်း ဖြစ်သည်။
ယခုလကုန်တွင် ပြီးစီးမည်ဟု မျှော်လင့်ရသော မူကြမ်းသည် မကြုံစဘူးလောက်အောင် တိုင်းရင်းသား လူမျိုးစုံတို့ အတူပူးပေါင်းလာမှုကို ထင်ဟပ်ပေါ်လွင်လာခဲ့သည်။ သို့သော် စိန်ခေါ်မှု အကြီးစားများက ရှိနေဆဲဖြစ်သည်။
NUG ၏ ဖက်ဒရယ်ပြည်ထောင်စုရေးရာ ဝန်ကြီးဌာန၏ အဆိုပြုချက်အား တိုင်းရင်းသား မိတ်ဖက်အဖွဲ့အစည်းများမှ အာဏာခွဲဝေမှုကို လုံလောက်သည့် အဖွဲ့အစည်းအသွင် မဖော်ဆောင်နိုင်ခြင်းနှင့် လူနည်းစုအခွင့်အရေးများကို ခိုင်မာစွာ ကာကွယ်ပေးနိုင်ခြင်း မရှိတာကြောင့် အပြုသဘောဆောင်တဲ့ ဝေဖန်အကြံပြုချက်တွေကို ရင်ဆိုင်ခဲ့ရသည်။
ယင်းသည် ပဋိပက္ခ၏ ဒဏ်ရာဒဏ်ချက်များနှင့် ငြိမ်းချမ်းရေး ပျက်ပြားခဲ့မှုများမှ ရခဲ့သည့် သင်ခန်းစာများကို မူတည်ပြီး ပုံဖော်ထားသည့် တိုင်းရင်းသား ပြည်သူများအကြား လူမှုရေး သဘောတူညီချက် အသစ်တခုကို ဖော်ဆောင်နိုင်ရန် ခဲရာခဲဆစ် ကြိုးပမ်းနေကြရခြင်းကြောင့် ဖြစ်သည်။
ထိုသို့ ကြိုးပမ်းရာတွင်လည်း အခွင့်ထူးခံများအချင်းချင်း သဘောတူညီမှုများ (သို့မဟုတ်) စစ်တပ်၏ ပူးပေါင်းပါဝင်မှုရအောင် ရည်ရွယ်စည်းရုံးရန် မဟုတ်ဘဲ တရားမျှတမှု၊ အတူယှဉ်တွဲနေထိုင်ရေးနဲ့ တာဝန်ခံမှုများကို ဗဟိုပြုထားခြင်းဖြစ်သည်။
စစ်တပ်၏ လေကြောင်းမှ တိုက်ခိုက်နေခြင်း၊ လူထုအကြား အခြေအနေပျက်အောင် ကျေးရွာ ဒေသများအား လုယက်မီးရှို့ပစ်နေခြင်းများသည် စစ်ပွဲအင်္ဂါရပ်နှင့်ညီသော လုပ်ရပ်များ မဟုတ်သည့်အပြင် လူထု၏ အနာဂတ်ရည်မှန်းချက်များကို အာခံကာ ဖျက်လိုဖျက်ဆီးလုပ်ရန် ကြိုးပမ်းနေခြင်းလည်း ဖြစ်သည်။
တိုင်းရင်းသားများက ၎င်းတို့၏ ရည်မှန်းချက်များ အကောင်အထည်ဖော်ရန် ယခင်ကလို အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရအောင် စောင့်မနေကြတော့ဘဲ တိုက်ပွဲအတွင်းမှာပင် အကောင်အထည် ဖော်နေကြသည်ကို သိနေကြသောကြောင့်လည်း ဖြစ်သည်။
အာဆီယံအဖွဲ့ဝင် နိုင်ငံများအကြား တုံ့ပြန်မှုများသည်လည်း အမျိုးမျိုး ကွဲပြားနေသည်။ မလေးရှား၊ အင်ဒိုနီးရှားမှ အရေးပါသော ခြေလှမ်းများအဖြစ် ဒီမိုကရေစီ အင်အားစုများ၊ တိုင်းရင်းသား အဖွဲ့များနှင့် ဆက်ဆံနေသည့် လမ်းကြောင်းအပေါ် လျှောက်လှမ်းနေသည်၊ ထိုင်းသည် ၎င်း၏ မဟာဗျူဟာ အကျိုးအတွက်ဆိုကာ မရေမရာ လုပ်နေဆဲ ဖြစ်ပြီး ဖိလစ်ပိုင်ကမူ သံတမန်ရေး ထိုးစစ်တရပ် စတင်ရန် တောင်းဆိုလာသည်။ ကမ္ဘောဒီးယားက စစ်အုပ်စု၏ ရွေးကောက်ပွဲ ဆိုသည်ကို ဧည့်ထောက်ခံနေသည်။
အာဆီယံသည် စစ်အုပ်စုအား တရားဝင် အဖွဲ့အစည်းတခုအဖြစ် သဘောထားခဲ့သည့် ဘုံရပ်တည်ချက် ၅ ရပ်သည်လည်း မအောင်မြင်ခဲ့။ ဤသည်ကလည်း အာဆီယံ၏ ပဋိညာဉ် စာတမ်းတွင် ဖွဲ့စည်းပုံနှင့် မညီသော အစိုးရပြောင်းလဲမှုကို ဖြေရှင်းနိုင်မည့် လုပ်ငန်းစဉ် ချို့ယွင်းနေမှုကြောင့်ပင် ဖြစ်သည်။
လမ်းကြောင်းပြောင်းလဲရန် အချိန်ရှိနေသေးသည်။ အာဆီယံခေါင်းဆောင်များ၏ ၂၀၂၅ မေလ ကြေညာချက်ဖြင့် အပစ်အခတ်ရပ်စဲရေးကာလ တိုးမြှင့်ရန် တောင်းဆိုလာမှုသည် ကြိုဆိုရမည့် အချက်ပင် ဖြစ်သည်။ မလေးရှားအနေဖြင့် အရပ်ဖက် လေ့လာစောင့်ကြည့်ရေးအဖွဲ့ ဖွဲ့စည်းပြီး ဦးဆောင်ဦးရွက် ပြုသင့်သည်။
ထို့ပြင် ကျန် ၆ လအတွင်း မလေးရှားသည် အာဆီယံ၊ ကုလသမဂ္ဂနှင့် ပူးတွဲ၍ မြန်မာတွင် ဒီမိုကရေစီ ဖြစ်ထွန်းရေးအတွက် နိုင်ငံတကာညီလာခံတရပ် ခေါ်ယူသင့်သည်။ ထိုညီလာခံတွင် NUG၊ EAO၊ အရပ်ဖက်အဖွဲ့အစည်းများ၊ နိုင်ငံတကာရှိ အကျိုးတူ ပူးပေါင်းဆောင်ရွက်မည့် နိုင်ငံများ ပါဝင်ရမည် ဖြစ်သည်။
မြန်မာ၏ အနာဂတ်သည် စစ်ဗိုလ်ချုပ်များ ရေးဆွဲသော ဇာတ်ကွက်၊ လုပ်ကြံလာသည့် ရွေးကောက်ပွဲများဖြင့် ပေါ်ထွက်လာမည်မဟုတ်၊ ဖက်ဒရယ်ချာတာတွင် ရေးဆွဲထားသည်များ၊ လွတ်မြောက်နယ်မြေများတွင် အကောင်အထည် ဖော်နေသည်များ၊ သတ္တိနှင့် ခံယူချက်များ ရှိသည့် စာသင်ခန်းများမှသာ ရှင်သန်လာမည် ဖြစ်သည်။
ထို့အတွက် အာဆီယံ ရင်ဆိုင်နေရသော ပြဿနာသည် ဘာလုပ်ရမည် ဆိုသည်ထက် အနာဂတ် မြန်မာနိုင်ငံတော်သစ် တည်ထောင်ရန် စိတ်ကူးကြံဆရဲသူများနှင့်အတူ ရပ်တည်သွားရန် အဆင်သင့် ဖြစ်မဖြစ် ဆိုသည်ပင် ဖြစ်ပေတော့သည်။
နောက်ဆုံးရ သတင်းအဖြစ် အမျိုးသားညီညွတ်ရေးအစိုးရကို အသိအမှတ်ပြု ထိတွေ့ဆက်ဆံနေသော တီမောနိုင်ငံကို အာဆီယံအဖွဲ့ဝင် ဖြစ်ခွင့်မပေးရန် စစ်အုပ်စုက အာဆီယံဥက္ကဋ္ဌ မလေးရှားနိုင်ငံထံသို့ ကန့်ကွက်စာ ပေးပို့လိုက်ကြောင်း သိရှိရသည်။ ပေးမည်ဆိုက ၎င်းတို့ အာဆီယံအဖွဲ့ကြီးမှ နုတ်ထွက်မည်ဟု ရဲရဲတင်းတင်း မပြောသင့်ပေဘူးလော။
လှစိုးဝေ
Ref: The Interpreter