
နေပြည်တော်မှာ စစ်ကောင်စီ ဦးဆောင် ကျင်းပခဲ့တဲ့ PEACE FORUM 2025 ကနေ ရွေးကောက်ပွဲ၊ ငြိမ်းချမ်းရေး၊ နိုင်ငံရေးနဲ့ပတ်သက်တဲ့ အကြံပြုချက်ပေါင်း ၁၂၀ လောက် ရရှိခဲ့တယ်လို့ ပြည်သူ့ရှေ့ဆောင်ပါတီ ဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်က ပြောပါတယ်။
ပဋိပက္ခ လျော့ကျရေးနဲ့ အပစ်အခတ်ရပ်စဲရေး၊ ရွေးကောက်ပွဲအောင်မြင်စေရေး၊ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ကို အခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ရေး၊ အသွင်ကူးပြောင်းရေးကိစ္စနဲ့ လူသားစာနာကိစ္စရပ်တွေ ဆွေးနွေးအကြံပြုခဲ့ကြတယ်လို့ ဆိုပါတယ်။
ရရှိလာတဲ့ အကြံပြုချက်တွေကို စစ်တပ်ကဖွဲ့စည်းထားတဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NFPNC) ကနေ ပြန်လည်စိစစ်ပြီးမှ စစ်ခေါင်းဆောင်ဆီ ထပ်မံတင်ပြသွားမယ်လို့ ဗိုလ်မှူးကြီး ဝဏ္ဏအောင်က ပြောပါတယ်။
ဒီဖိုရမ်ကနေ ရရှိလာတဲ့ ဆွေးနွေးချက်တွေက မြေပြင်မှာ အမှန်တကယ် အလုပ်ဖြစ်နိုင်ပါ့မလား။ ဒီကိစ္စတွေနဲ့ ပတ်သက်လို့ ဆွေးနွေးပွဲမှာ ပါဝင်ခဲ့တဲ့ ဒေါ်စောမြရာဇာလင်းက ပြောပါတယ်။
“ကျမတို့အနေနဲ့ ပြောနိုင်တာကတော့ NCA နှစ်ပတ်လည် ၁၀ နှစ်မြောက်မှာ ဒီလိုဖိုရမ်ကြီးတခုကို ဆက်ပြီးတော့မှ ကျမတို့ လုပ်ဆောင်ဖို့အတွက်ကို ပွင့်ပွင့်လင်းလင်းပဲ NFPNC ခေါင်းဆောင်များက ကတိကဝတ်တွေ ပြုတယ်။ ဒီလိုရထားတဲ့ အချက်တွေဟာဆိုရင် စာရွက်တွေပေါ်မှာ ရှိနေမှာမဟုတ်ဘူး။ ဒီရထားတဲ့အချက်တွေကို မုချ Forward ဖြစ်အောင် ကျနော်တို့ ဆန္ဒအပြည့်အဝရှိပါတယ်။ ကျနော်တို့ ကတိမဖျက်ပါဘူးဆိုတဲ့ စကားတွေကို ကျမတို့ကို၊ ဆွေးနွေးပွဲဖိုရမ်ကြီးကို ကြွရောက်လာကြတဲ့ ပုဂ္ဂိုလ်များအားလုံးကို အခိုင်အမာ ပြောတာရှိတယ်။”
ဒါပေမဲ့ ဖြစ်နိုင်ခြင်း၊ မဖြစ်နိုင်ခြင်းကတော့ လုပ်ငန်းအပေါ်မှာပဲ မူတည်ကြောင်းနဲ့ ရွေးကောက်ပွဲလုပ်တာဖြစ်ဖြစ်၊ ငြိမ်းချမ်းရေးဖိုရမ် လုပ်တာပဲဖြစ်ဖြစ် လက်ရှိဖြစ်နေတဲ့ ပဋိပက္ခတွေကို ကျော်လွှာနိုင်ဖို့အတွက် ထွက်ပေါက်ရှာတာပဲ ဖြစ်တယ်လို့ သူက ဆိုပါတယ်။
ဒီဖိုရမ်မှာ FPNCC အဖွဲ့ဝင်တွေဖြစ်ကြတဲ့ “ဝ” အဖွဲ့ UWSA၊ မိုင်းလားအဖွဲ့ NDAA၊ SSPP တို့အပြင် DKBA၊ NMSP၊ LDU၊ KNU/KNLA-PC၊ ALP အစရှိတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ပေမဲ့ စစ်တပ်နဲ့ တိုက်ပွဲဖြစ်နေတဲ့ အဖွဲ့တွေ တက်ရောက်တာ မတွေ့ရပါဘူး။
ကချင်လွတ်လပ်ရေးတပ်မတော် (KIO/KIA) ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကတော့ ဒီဖိုရမ်ကိုတက်ဖို့ စစ်တပ်က ဖိတ်စာပို့တာမျိုး မကြားမိဘူးလို့ DVB ကို ပြောပါတယ်။
ဆက်လက်ပြီး သူက ဆွေးနွေးပွဲတွေက ကောင်းမွန်သလို အုပ်ချုပ်ရေးအတွက် ရွေးကောက်ပွဲက အရေးကြီးပေမဲ့ ၂၀၀၈ အခြေခံဥပဒေ ပေါ်လာချိန်မှာ နိုင်ငံရေးဆွေးနွေးလို့ မရခဲ့တဲ့အတွက် ဒီဥပဒေအောက်မှာ ငြိမ်းချမ်းရေးဖြစ်လာလိမ့်မယ်လို့ မယုံကြည်ကြောင်း ဆိုပါတယ်။
ဗိုလ်မှူးကြီးနော်ဘူက“အခုလည်းပဲ ရွေးကောက်ပွဲပြီးမယ်၊ လွှတ်တော်ရှိမယ်။ လွှတ်တော်ဥက္ကဋ္ဌ ပြီးတာနဲ့ တပ်မတော်ပဲ ပြန်ဖြစ်လာမယ်။ ၂၀၀၈ အခြေခံဥပဒေလည်း ပြန်ပြင်တာမရှိဘူး ဆိုရင်တော့ ကျနော်တို့အတွက်ကတော့ ငြိမ်းချမ်းရေးဆိုတာ ကျနော်တို့ ရသင့်ရထိုက်တဲ့ နိုင်ငံရေးရမှ ငြိမ်းချမ်းရေးရမှာ။ ကျနော်တို့ ရသင့်ရထိုက်တဲ့ နိုင်ငံရေးအခွင့်အရေးတွေလည်း ရမယ်လို့ ကျနော် မယုံကြည်ဘူး။ ဒါက ကျနော့် တဦးတယောက်ရဲ့အမြင်၊ ကျနော့်ရဲ့ သုံးသပ်ချက်ပါ”လို့ ပြောပါတယ်။
ဒီဖိုရမ်မှာ အဓိကထား ဆွေးနွေးပြီး ကျယ်ကျယ်ပြန့်ပြန့် ပြောခဲ့ကြတဲ့ကိစ္စက ရွေးကောက်ပွဲ ကျင်းပဖို့ပါ။ ပြည်သူအများစု ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရဆီကနေ အာဏာသိမ်းထားတဲ့ စစ်ခေါင်းဆောင်ကလည်း ရွေးကောက်ပွဲကို ဒီနှစ်ကုန်နဲ့ နောက်နှစ်ဆန်းပိုင်းမှာ ကျင်းပမယ်လို့ ပြောထားပါတယ်။
ဝေဖန်သူတွေကတော့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်အောက်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD)၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (SNLD)၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (ALD) စတဲ့ လူထုထောက်ခံမှုရထားတဲ့ နိုင်ငံရေးပါတီတွေ ပြန်မပါလာတာကို ထောက်ပြကြပါတယ်။
ငြိမ်းချမ်းရေးဖိုရမ်ကို တက်ရောက်ခဲ့တဲ့ ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးကတော့ အခုကျင်းပမယ့် ရွေးကောက်ပွဲဟာ အသွင်ကူးပြောင်းရေး ရွေးကောက်ပွဲ ဖြစ်တယ်လို့ ဆိုပါတယ်။
“ရွေးကောက်ပွဲ ဖြစ်သွားပြီဆိုရင်တော ကျနော်တို့ အာဏာ ၃ ရပ် ခွဲဝေကျင့်သုံးတဲ့ပုံစံ ပေါ်လာမယ်။ ငြိမ်းချမ်းရေးဖြစ်စဉ်ကို ရွေးကောက်ပွဲအလွန် ဆက်လက်ဆောင်ရွက်တဲ့ နေရာမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တယောက်တည်းနဲ့ ဆုံးဖြတ်ချက်နဲ့ ဆောင်ရွက်တာ မဟုတ်တော့ဘဲနဲ့ ကျယ်ပြန့်တဲ့ ချဉ်းကပ်မှုပုံစံ ဖြစ်လာမှာ။ ဒါကြောင့်မို့လို့ ဒီရွေးကောက်ပွဲဟာ Transitional elections ပေါ့။ အသွင်ကူးပြောင်းရေး ရွေးကောက်ပွဲ ဖြစ်တယ်လို့ ကျနော်တို့ ခံယူတာဖြစ်ပါတယ်။ ဒီအချက်ကိုလည်း ကျနော်တို့ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ကြပါတယ်။”
ဒါ့အပြင် ရွေးကောက်ပွဲပြုလုပ်မယ့် ဒေသတွေနဲ့ ရွေးကောက်ပွဲပြုလုပ်မယ့် ကာလတွေမှာ ၆ လ ဒါမှမဟုတ် ၁ နှစ်လောက် စစ်မှုထမ်းစာရင်း ကောက်တာကို ခဏရပ်ထားဖို့ကိုလည်း အကြံပြုခဲ့ကြောင်း ပါဝင်ထိုက်သူများအစုအဖွဲ့မှ ဒေါ်ညိုညိုသင်းက ပြောပါတယ်။
ဒါပေမဲ့ ၁၉၉၀ ရွေးကောက်ပွဲကတည်းက အနိုင်ရခဲ့ပြီး လူထုထောက်ခံမှု ရခဲ့တဲ့ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (ALD) အထွေထွေအတွင်းရေးမှူး ဦးမျိုးကျော်ကတော့ ၂၀၀၈ အောက်မှာ ကျင်းပမယ့် ရွေးကောက်ပွဲဟာ အတုအယောင်သာဖြစ်ပြီး အာဏာသိမ်းကာလ ကြာရှည်လာတဲ့ စစ်တပ်က ရွေးကောက်ပွဲကိုသုံးပြီး ထွက်ပေါက်ရှာတာလို့ သုံးသပ်ပါတယ်။
“လူငယ်တွေကို တပ်ထဲထည့်တဲ့ဟာကို ခဏရပ်ထားပြီး ရွေးကောက်ပွဲလုပ်မယ် ဆိုတဲ့ဟာလောက်နဲ့တော့ ဘာမှတော့ ဖြစ်လာမယ်မထင်ဘူး။ ဆိုတော့ စစ်တပ်ရဲ့ အခန်းကဏ္ဍ လုံးဝ လျှော့ချပစ်လိုက်ရမယ်။ ဒီ ၂၀၀၈ ကိုလည်း လုံးဝကို ပြောင်းလဲရမယ်ပေါ့ဗျာ။ ၂၀၀၈ ကို ဖျက်သိမ်းပြီး အသစ်တခုပေါ့နော်၊ အဲဒါကတော့ နိုင်ငံမှာရှိနေတဲ့ တကယ့် စတိတ်ဟိုဒါတွေ အခုချိန်မှာ တော်လှန်ရေးအဖွဲ့အစည်းတွေ များလာပြီ။ တကယ်အလုပ်လုပ်နေတဲ့သူတွေ တကယ့် နိုင်ငံပေါ်မှာ စေတနာရှိတဲ့ ပြည်သူတွေနဲ့ ထပ်တူကျတဲ့သူတွေ ပါလာဖို့ လိုတယ်ဗျ။ အခုက လော်ဘီအုပ်စုကနေပြီး လုပ်နေတယ်လို့ပဲ ပြောရမှာပေါ့။”
ဒါ့အပြင် အခု ငြိမ်းချမ်းရေးဖိုရမ်ကို တက်ရောက်လာတဲ့ အဖွဲ့အစည်းတွေက စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်နေတာ မဟုတ်ဘဲ တော်လှန်ရေး ပုံဖျက်နေတဲ့အုပ်စုဖြစ်ပြီး တကယ်တိုက်နေတဲ့ သူတွေနဲ့ မဆွေးနွေးဘဲ ငြိမ်းချမ်းရေးဖြစ်လာမှာ မဟုတ်ဘူးလို့လည်း သူကဆိုပါတယ်။
အခုကျင်းပခဲ့တဲ့ ငြိမ်းချမ်းရေးဖိုရမ်ကို စစ်တပ်နဲ့ တိုက်ပွဲဖြစ်ပွားတာမရှိတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေ၊ နိုင်ငံရေးပါတီတွေအပြင် နိုင်ငံတချို့က ပညာရှင်တွေ၊ စစ်တပ်နဲ့ နီးစပ်တဲ့ အဖွဲ့တွေ အပါအဝင် လူပုဂ္ဂိုလ် ၂၅၀ ကျော် တက်ရောက်ခဲ့ကြပါတယ်။
စစ်ကောင်စီတပ်ကတော့ တိုင်းရင်းသားလက်နက်ကိုင်တွေကို လက်နက်စွန့်ပြီး ငြိမ်းချမ်းရေး ဆွေးနွေးကြမယ်လို့ အကြိမ်ကြိမ် ဖိတ်ခေါ်နေသလို ၂၀၂၅ ခုနှစ် ဒီဇင်ဘာမှာ ၂၀၀၈ ဖွဲ့စည်းပုံအောက်ကနေ ရွေးကောက်ပွဲ ကျင်းပသွားမယ်လို့ ပြောထားပါတယ်။
စိုးသူအောင်