
အာဏာသိမ်းစစ်ကောင်စီက ရွေးကောက်ပွဲကျင်းပဖို့အတွက် နိုင်ငံတော်အုပ်ချုပ်ရေးကောင်စီကို ဖျက်သိမ်းပြီး ကြားကာလအစိုးရအဖွဲ့ ဖွဲ့စည်းဆောင်ရွက်နိုင်ခြေ ရှိတယ်လို့ နိုင်ငံရေး လေ့လာသုံးသပ်သူတွေက ပြောပါတယ်။
ဒီလအကုန်မှာ စစ်ကောင်စီက ၇ ကြိမ်မြောက် သက်တမ်းတိုးယူခဲ့တဲ့ စစ်အာဏာသိမ်း အရေးပေါ် ကာလကို အဆုံးသတ်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ဖျက်သိမ်းကာ ရွေးကောက်ပွဲ ကျင်းပပေးမယ့် ကြားကာလအစိုးရကို ဖွဲ့စည်းနိုင်ခြေရှိတယ်လို့ နိုင်ငံရေးအသိုက်အဝန်းက သုံးသပ်ကြပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လိုသလို အဓိပ္ပာယ်ဖွင့်ပြီး စစ်တပ်က နိုင်ငံတော်အာဏာကို သိမ်းယူခဲ့တာကြောင့် အဲဒီဖွဲ့စည်းပုံအခြေခံဥပဒေအရပဲ ရွေးကောက်ပွဲကျင်းပနိုင်ဖို့အတွက်ဆိုရင် အာဏာသိမ်း စစ်ကောင်စီဟာ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီကို အာဏာပြန်အပ်ပြီး ရွေးကောက်ပွဲကျင်းပဖို့ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။
အဲဒီအတိုင်း ဆောင်ရွက်တာဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ ဆောင်ရွက်တာလို့ သေနင်္ဂ မဟာဗျူဟာ လေ့လာရေးအဖွဲ့ အမှုဆောင်ဒါရိုက်တာ ဦးသိန်းထွန်းဦးက ပြောပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၂၆ အရ ကာကွယ်ရေးဦးစီးချုပ်ကို ပေးထားတဲ့ တာဝန်ကို ဆောင်ရွက်ပြီးစီးကြောင်း တင်ပြလာတဲ့အခါ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီက ပုဒ်မ ၄၁၈ အရ ကာကွယ်ရေးဦးစီးချုပ်ကို ပေးထားတဲ့ နိုင်ငံတော်အာဏာကို ဖျက်သိမ်းကြောင်း ကြေညာရမှာ ဖြစ်ပါတယ်။
အဲဒီပြင် ပုဒ်မ ၄၂၉ အရ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီဟာ ပုဒ်မ ၄၂၆ ကို ပယ်ဖျက်ပြီး ၆ လအတွင်း ရွေးကောက်ပွဲကို ကျင်းပပေးရမှာ ဖြစ်ပေမဲ့လည်း ပုဒ်မ ၄၂၇ (ခ) အရ သင့်လျော်တဲ့ အဖွဲ့အစည်းကိုဖြစ်စေ ဒါမှမဟုတ် သင့်လျော်တဲ့ ပုဂ္ဂိုလ်တဦးဦးကို အာဏလွှဲအပ်ပြီး ဆောင်ရွက်ရမယ်လို့ ဖော်ပြထားပါတယ်။
လက်ရှိမှာလည်း အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ အဏာသိမ်း စစ်ကောင်စီရဲ့ အကြီးအကဲဖြစ်သလို အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီမှာလည်း ယာယီသမ္မတ ဦးမြင့်ဆွေရဲ့ လုပ်ပိုင်ခွင့်အာဏာ အားလုံးကို လွှဲယူထားတာကြောင့် ထူးခြားတဲ့ ပြောင်းလဲမှု ရှိလာမှာမဟုတ်ဘူးလို့ အမျိုးသားနိုင်ငံရေးမဟာမိတ်များအဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌက ပြောပါတယ်။
၈၈ မျိုးဆက်ကျောင်းသားလူငယ်များ ပြည်ထောင်စုမြန်မာနိုင်ငံ ပါတီဥက္ကဋ္ဌ ဦးရဲထွန်းကတော့ ဒီနှစ်အကုန်မှာ ကျင်းပမယ့် ရွေးကောက်ပွဲကို ကာလုံကနေ ကျင်းပပေးရမှာ ဖြစ်တာကြောင့် လက်ရှိ ကာကွယ်ရေးဦးစီးချုပ်ဟာ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အကြီးအကဲ ဖြစ်တာကြောင့် နစက ကို အာဏာသက်တမ်း ထပ်တိုးပေးဖို့ ရွေးကောက်ပွဲကို ပြီးစီးတဲ့အထိ ဆောင်ရွက်ခိုင်းမယ့် အခြေအနေ ရှိတယ်လို့ ပြောပါတယ်။
စစ်ကောင်စီဘက်က လတ်တလောမှာ သူတို့လက်လွှတ်ထားရတဲ့ မြို့တချို့ကိုလည်း ပြန်လည်ထိန်းချုပ်လာနိုင်ပြီး နိုင်ငံတကာရဲ့ ထောက်ခံမှုတချို့ကိုလည်း ရရှိလာတာကြောင့် ရွေးကောက်ပွဲကို မဖြစ်ဖြစ်တဲ့နည်းနဲ့ တွန်းလုပ်ဖို့ ဆောင်ရွက်လာတဲ့ပုံစံ ဖြစ်တယ်လို့ စင်ကာပူအခြေစိုက် သုတေသနဌာနတခုရဲ့ တာဝန်ရှိသူတယောက်က မှတ်ချက်ပြု ပြောဆိုပါတယ်။
လက်ရှိအချိန်ထိတော့ အာဏာသိမ်းစစ်ကောင်စီဘက်က ရွေးကောက်ပွဲကျင်းပမယ့် မဲဆန္ဒနယ် အရေအတွက်နဲ့ ရွေးကောက်ပွဲကျင်းပမယ့် စနစ်ကိုလည်း ထုတ်ပြန်ကြေညာထားခြင်း မရှိသေးပါဘူး။
အောင်သူ