
ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် စည်းရုံး၊ လှုံ့ဆော်ရေးမှာ ဟာသပညာရှင် (လူရွှင်တော်) တွေနဲ့ အနုပညာရှင်တွေ ပါဝင်ကူညီပေးကြဖို့ စစ်ကောင်စီခန့် ပြန်ကြားရေးဒုဝန်ကြီး ဦးရဲတင့်က ပြောပါတယ်။
မြောက်ဒဂုံမြို့နယ်၊ ၄၈ ရပ်ကွက်မှာရှိတဲ့ မြန်မာနိုင်ငံ ဟာသပညာရှင်များအစည်းအရုံးမှာ ဇူလိုင် ၇ ရက်က ကျင်းပတဲ့ ၁၅ ကြိမ်မြောက် အသက် ၆၅ နှစ်အထက် သက်ကြီး ဟာသလူရွှင်တော်ကြီးများ ပူဇော်ကန်တော့ပွဲ အခမ်းအနားမှာ ဒုဝန်ကြီးက ပြောဆိုခဲ့တာလို့ အဆိုပါပွဲကို တက်ခဲ့သူတယောက်က DVB ကို ပြောပါတယ်။
“ဒုဝန်ကြီးက ပြောတယ်၊ ရွေးကောက်ပွဲလုပ်ဖို့ရှိတယ်၊ နိုင်ငံတော်က ကြေညာထားတာလည်း အားလုံးအသိပဲ၊ ရွေးကောက်ပွဲကို လူထုလက်ခံလာအောင် စည်းရုံးလှုံ့ဆော်တာတွေ လုပ်ရမယ့်အချိန်ရောက်ရင် အနုပညာရှင်တွေရဲ့အားလိုတယ်၊ ကူညီပေးကြဖို့ ပြောတာ။”
အဆိုပါပွဲကို ရန်ကုန်တိုင်းအစိုးရအဖွဲ့၊ ပြန်ကြာရေးဒုဝန်ကြီး၊ ရန်အောင်၊ စိုးမြတ်သူဇာ၊ ကျော်ကျော်ဗိုလ်၊ ဖြူဖြူထွေး၊ ဟာသပညာရှင်တွေနဲ့အတူ ကြံ့ခိုင်ရေးပါတီ ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေးနဲ့အဖွဲ့လည်း တက်ခဲ့ပြီး မြန်မာနိုင်ငံ ဟာသပညာရှင်များအစည်းအရုံး (ဗဟို) ဥက္ကဋ္ဌ ဒိန်းဒေါင်ကို အလှူငွေ ၂၅ သိန်း လှူဒါန်းခဲ့ပါတယ်။
ဒီနှစ်ပြုလုပ်တဲ့ ၁၅ ကြိမ်မြောက် သက်ကြီးဟာသလူရွှင်တော်ကြီးများ ပူဇော်ကန်တော့ပွဲ အခမ်းအနားမှာ စစ်ကောင်စီက ဟာသမျိုးဆက်သစ်ဆု၊ ပရဟိတထူးချွန်ဆု၊ ဟာသထူးချွန်ဆု၊ ဟာသပညာ ထူးချွန်ဆုနဲ့ ဟာသဖန်တီးမှုဆုတွေကို ပေးခဲ့ပါတယ်။
ဟာသတသက်တာဆုကို ရေဒီယို ဦးမန်းကျော်၊ ဦးစံမိုး၊ ဦးဖိုးဆောင်း၊ ဦးပေါ်လေး၊ ဦးဥဩ၊ ဦးတိမ်ညွန့်၊ ဦးမိုးဒီနဲ့ ဦးရွှေဂဲတို့ ရရှိခဲ့ပြီး ဟာသပညာထူးချွန်ဆုကို ရန်အောင်၊ ကျော်ကျော်ဗိုလ်၊ စိုးမြတ်သူဇာ၊ ဖြူဖြူထွေးနဲ့ ကျန်ဆုတွေကို သာတီးတူး၊ ဝိုင်းချစ်၊ ဦးချစ်စံ၊ ဦးဒေါင်းရှိန်၊ ဦးဒိန်းဒေါင်တို့က ရရှိခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ်က ၁၄ ကြိမ်မြောက် သက်ကြီးဟာသပညာရှင်များ ဂါရဝပြုကန်တော့ပွဲကို နေပြည်တော် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ မှာ ပြုလုပ်ခဲ့ပြီး အဲဒီနှစ်က ဟာသပညာထူးချွန်ဆုကို သရုပ်ဆောင် မြင့်မြတ်၊ ခင်လှိုင်၊ မာမီသက်နဲ့ မိုးညိုတို့ကို ပေးခဲ့ပါတယ်။