
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်မှာ စစ်ကောင်စီတပ်သား ၃ ယောက် ဘက်ပြောင်းခိုလှုံလာတယ်လို့ PDF ထားဝယ်ခရိုင်၊ အမှတ် ၁ တပ်ရင်းကနေ သိရပါတယ်။
ဇူလိုင် ၇ ရက်က စစ်ကောင်စီရဲ့ ခလရ ၂၇၃ တပ်ရင်းက တပ်သား ၂ ယောက်နဲ့ ခမရ ၂၅ တပ်ရင်းက တယောက် PDF ထားဝယ်ခရိုင်၊ အမှတ် ၁ တပ်ရင်းဆီ ဘက်ပြောင်းခိုလှုံလာခဲ့တာပါ။
ဘက်ပြောင်းခိုလှုံလာတဲ့ ၃ ယောက်ထဲမှာ ပလောက်မြို့၊ တိုင်းဗဟို ၁၂ တန်းမြင့်လေ့ကျင့်ရေးကျောင်းမှ ၂ ယောက်နဲ့ ရှမ်းပြည်နယ်၊ ကျိုင်းတုံ တန်းမြင့်လေ့ကျင့်ရေးကျောင်းမှ ၁ ယောက်ဖြစ်ကြပြီး စစ်မှုထမ်းအပတ်စဥ် ၈ သင်တန်းဆင်းတွေဖြစ်ကြတယ်လို့ PDF ထားဝယ်ခရိုင်၊ အမှတ် ၁ တပ်ရင်းဆီက သိရပါတယ်။
ထားဝယ်ခရိုင် အမှတ် ၁ တပ်ရင်း ပြန်ကြားရေးတာဝန်ခံ ရဲဘော် ABC က “လက်ရှိမှာတော့ သူတို့ကို လုံခြုံတဲ့နေရာမှာ ထားထားပါတယ်။ သူတို့ရဲ့ဆန္ဒအရ လွတ်မြောက်နယ်မြေကို ပို့ပေးဖို့ စီစဥ်နေပါတယ်” လို့ ပြောပါတယ်။
ဘက်ပြောင်းခိုလှုံလာတဲ့သူတွေနဲ့အတူ MA1 သေနတ် ၂ လက်၊ ကျည်ဘောက် ၆ ခု၊ ကျည်ဆန် ၁၂၀ တောင့်နဲ့ လက်ပစ်ဗုံးတလုံး ယူဆောင်လာပြီး ထားဝယ်ခရိုင်၊ အမှတ် ၁ တပ်ရင်းက သေနတ် ၂ လက်အတွက် စုစုပေါင်း ကျပ်ငွေ သိန်း ၁၀၀ ပေးအပ်ချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီလက်အောက်မှာ တာဝန်ထမ်းဆောင်နေတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ မတရားစစ်မှုထမ်းစုဆောင်းခံရတဲ့သူတွေ အနေနဲ့ နီးစပ်ရာ တော်လှန်ရေးတပ်ဖွဲ့တွေဆီ အမြန်ဆုံး ဘက်ပြောင်းခိုလှုံကြဖို့ ထားဝယ်ခရိုင်၊ အမှတ် ၁ တပ်ရင်းက အသိပေး ထုတ်ပြန်ထားပါတယ်။