
ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ် အမြောက်တပ်အနီးတိုက်ပွဲကနေ ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်သား ၁၆ ယောက်ထဲက ၈ ယောက် ပြန်လည်အဖမ်းခံခဲ့ရတယ်လို့ စစ်ကောင်စီတပ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ရေကြည်အခြေစိုက် အမြောက်တပ် အမတ ၃၄၄ အနီးတိုက်ပွဲကနေ ဇွန် ၁၈ ရက်က ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်သားတွေကို စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေရဲ့သတင်းပေးချက်နဲ့ ဇွန် ၂၂ ရက် မှာ ၈ ယောက် ပြန်လည်ဖမ်းမိခဲ့တာလို့ ဆိုပါတယ်။
စစ်ကောင်စီတပ်နဲ့ နီးစပ်သူတယောက်က “သတင်းပေးကြောင့် သတင်းအရသွားဖမ်းခဲ့တာ။ ထွက်ပြေးတာက ၁၆ ယောက်ပါ။ အခုက ၈ ယောက် ပြန်အဖမ်းခံရတာ။ ထွက်ပြေးတဲ့အထဲ စစ်မှုထမ်းတပ်သားတွေနဲ့တပ်ကြပ်အဆင့်ရှိသူတွေပါ ပါတယ်လို့သိရတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီခန့် ရေကြည်မြို့နယ်၊ ကျုံပျော်ပဒုတ်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးအောင်ဝင်းက သတင်းပေးတာကြောင့် ထွက်ပြေးတဲ့စစ်ကောင်စီတပ်သားတွေကို အိုင်သပြုလမ်းဆုံနဲ့ ပန်းတောကြီးတံတားဂိတ်မှာ စစ်ကောင်စီတပ်က လာရောက်ဖမ်းဆီးသွားတာလို့ ဆိုပါတယ်။
ရေကြည်မြို့နယ် ဒေသခံတယောက်က “တိုက်ပွဲတွေမှာ စိတ်ဓာတ်တွေကျပြီး ထွက်ပြေးတာပေါ့။ ပြန်ဖမ်းခံရတာစိတ်ထဲတွေမကောင်းဘူး။ ဒီဘက်လာရှာသေးတယ်။ အိုင်သပြုဘက်မှာတွေ့သွားပြီး ပြန်အဖမ်းခံရတာ” လို့ ပြောပါတယ်။
ပြန်လည်ဖမ်းဆီးခံလိုက်ရတဲ့ စစ်မှုထမ်းတပ်သားသစ်တွေ အပါအဝင် တပ်ဖွဲ့ဝင် ၈ ယောက်ကို ရေကြည်မြို့နယ်အခြေစိုက် အမြောက်တပ် အမတ ၃၄၄ တပ်ထဲကို ဖမ်းဆီးခေါ်ဆောင်သွားပြီး ရိုက်နှက်စစ်ဆေးနေတယ်လို့လည်း သိရပါတယ်။