
ထိုင်းမြောက်ပိုင်း၊ ချင်းရိုင်းခရိုင်၊ ဝိန်းပါပေါက်မြို့နယ်ထဲမှာ ဇူလိုင် ၈ ရက် ညနေက ဆောက်လက်စ အဆောက်အအုံ ပြိုကျပြီး မြန်မာလုပ်သားတယောက် သေဆုံးပြီး လုပ်သား ၆ ယောက် ဒဏ်ရာရသွားတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
ဇူလိုင် ၈ ရက် ညနေ ၄ နာရီကျော်က ဝိန်းပါပေါက်မြို့နယ်၊ ဝိန်းကာလုံအုပ်စုထဲမှာ အဆောက်အအုံ ပြိုကျပြီး ထိခိုက်ဒဏ်ရာရသူရှိကြောင်း အကြောင်းကြားတာကြောင့် သွားရောက်စစ်ဆေးခဲ့တယ်လို့ မဲ့ကျေးဒီးနယ်မြေရဲစခန်း တာဝန်ရှိသူက သတင်းထောက်ကို ပြောပါတယ်။
အခင်းဖြစ်ပွားရာနေရာမှာ လက်ဖက်စက်ရုံရဲ့ တိုးချဲ့အဆောက်အအုံဖြစ်ပြီး ကြီးမားတဲ့ တထပ် တိုက်ခေါင်က သံတိုင်တွေ ပြိုကျလာတာလို့ ဆိုပါတယ်။
အဆိုပါဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ အလုပ်သမား ၅၀ ကျော် အလုပ်လုပ်နေပြီး ညနေခင်း အလုပ်ပြီးလို့ အလုပ်သိမ်းဖို့ ပြင်ဆင်နေကြစဉ် ခေါင်မိုးဆီက အသံကျယ်ကြီး ၂ ကြိမ် ကြားရတယ်၊ အဲဒီနောက် သံလုံးသံတိုင်တွေ ပြိုကျလာတယ်၊ အလုပ်သမားတယောက် ပွဲချင်းပြီးသေဆုံးပြီး ၆ ယောက် ဒဏ်ရာရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
သေဆုံးသူမှာ စိုင်းမောင် ဆိုသူ မြန်မာအလုပ်သမားဖြစ်ပြီး နိုင်းဝိထယားနဲ့ နိုင်းဝိချိုင်း ဆိုသူ ထိုင်းအလုပ်သမား ၂ ယောက် ပြင်းထန်စွာဒဏ်ရာရတယ်၊ ဒါ့အပြင် နိုင်းဝိထဝပ် (ထိုင်း) နဲ့ မြန်မာလုပ်သား ၃ ယောက် (စိုင်းအိုက်ထွန်း၊ စိုင်းလှဦး၊ နန်းအေးယိင်း) တို့ မပြင်းထန်ဒဏ်ရာရပြီး ကယ်ဆယ်ရေးအဖွဲ့က အားလုံးကို ဝိန်းပါပေါက်ဆေးရုံ ပို့ဆောင်ထားတယ်လို့ ဆိုပါတယ်။
အဆိုပါ အဆောက်အအုံဟာ “ချားတလာမွေး” လက်ဖက်စက်ရုံကို တိုးချဲ့နေတာဖြစ်ပြီး တရားဝင် ဆောက်လုပ်ခွင့် ရထားတာဖြစ်တယ်၊ အဆောက်အအုံ ပြိုကျရတဲ့ အကြောင်းရင်းကိုတော့ စုံစမ်းနေဆဲဖြစ်ပြီး သေဆုံးဒဏ်ရာရ အလုပ်သမားတွေအတွက် နစ်နာကြေးတွေကို အလုပ်ရှင်က အပြည့်အဝ တာဝန်ယူသွားမယ်လို့ ပြောကြောင်း သတင်းမှာ ဖော်ပြသွားပါတယ်။
ဒီမတိုင်ခင် ဇူလိုင် ၆ ရက်ကလည်း ဘန်ကောက် မင်ဘူရီနယ်မြေထဲမှာ ဆောက်လက်စ အဆောက်အအုံတခု ပြိုကျပြီး အလုပ်သမား ၁၃ ယောက် ထိခိုက်ဒဏ်ရာရခဲ့ပါသေးတယ်။
Source: TNews / Chiangmai News