
ကချင်ပြည်နယ်၊ ဖားကန့်မြို့အနီးမှာ စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးနေတာကြောင့် တိုက်ပွဲဖြစ်ပွားပြီး စစ်ရေးတင်းမာနေတာ ၅ ရက်လောက် ရှိလာပြီး အနီးအနားကျေးရွာက ဒေသခံတွေလည်း ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
ဖားကန့်မြို့နဲ့ မှော်ဆီစာကျေးရွာကြားမှာရှိတဲ့ အမှိုက်ပုံရွာနဲ့ မှော်ဝမ်းကလေး၊ မှော်ဝမ်းကြီး ကျေးရွာဘက်မှာ စစ်ကောင်စီက စစ်အင်အား ၂ ဖွဲ့ခွဲပြီး စစ်ကြောင်းထိုးနေတာကြောင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက လမ်းကြောင်းပိတ်ဆို့ တိုက်ခိုက်နေတဲ့အတွက် စစ်ရေးတင်းမာနေတယ်လို့ သိရပါတယ်။
လက်ရှိ မှော်ဆီစာအနီး အမိုက်ပုံကျေးရွာကနေ အထက်မှာရှိတဲ့ အင်မိုင်းယန် အနီးတဝိုက်အထိ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်နဲ့ KIA နဲ့ KPDF ပူးပေါင်းတပ်တွေက ပိတ်ဆို့တိုက်ခိုက်နေတဲ့အတွက် တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။
ဒေသခံစစ်ရေးသတင်းရင်းမြစ်က “စစ်ကောင်စီတပ်တွေက အမှိုက်ပုံရွာမှာ စစ်ကြောင်းထိုးထားတယ်။ အဲဒီစစ်ကြောင်းကို KIA, KPDF ပူးပေါင်းတပ်တွေက ပိတ်ဆို့တိုက်ခိုက်နေတာ။ သူတို့က အင်မိုင်းယန်နဲ့ မှော်မောကုန်းဘက် တက်ချင်တာထင်တယ်။ အဲဒီစစ်ကြောင်းကို ပိတ်ဆို့တိုက်ခိုက်နေတာကြောင့် စစ်ရေးတင်းမာနေတယ်။ ဖားကန့်တပ်မကုန်း၊ မဇွပ်ယန်ထောင်၊ ကံဆီးဗျူဟာကုန်းတို့ ကလည်း လက်နက်ကြီးပစ်ကူနေတယ်။ အမှိုက်ပုံဘက်ကို စစ်ကြောင်းထိုးတာက ၂၄ ရက်နေ့ စထိုးတော့ ၂၄ ရက်နေ့ ညပိုင်းကတည်းက တိုက်ပွဲပြင်းထန်နေတာ။ ၂၅ ရက်နဲ့ ၂၆ ရက်နေ့ တောက်လျှောက်တိုက်ပွဲဖြစ်နေတာ။ ၂၇ ရက်နေ့တော့ တိုက်ပွဲငြိမ်သက်နေပေမဲ့ အခြေအနေကတော့ တင်းမာနေတယ်”လို့ ပြောပါတယ်။
ဇွန် ၁၅ ရက် နောက်ပိုင်း မှော်ဆီစာကျေးရွာထဲမှာ စစ်ကြောင်းထိုးထားတဲ့ စစ်အင်အားတချို့ကို ဖားကန့်ကျေးရွာအုပ်စု မှော်ဝမ်းကလေး၊ မှော်ဝမ်းကြီးကျေးရွာဘက်ကို စစ်ကြောင်းထိုးထားပေမဲ့ စစ်ကြောင်းသွားလို့မရအောင် KIA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေပိတ်ဆို့ထားတယ်လို့ ဆိုပါတယ်။
ဒါကြောင့် စစ်ကောင်စီတပ်တွေ မှော်ဆီစာကျေးရွာအနီး အမှိုက်ပုံကျေးရွာနဲ့ အင်မိုင်းယန်ဘက်ကို ပြင်းပြင်းထန်ထန် စစ်ကြောင်းထိုးနေတဲ့အတွက် နေ့တိုင်းလိုလို နှစ်ဖက်စစ်တပ် လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ အပြန်အလှန်တိုက်ခိုက်နေတာ ၅ ရက်လောက်ရှိပြီလို့ သိရပါတယ်။
တိုက်ပွဲပြင်းထန်လာတာကြောင့် အမှိုက်ပုံရွာ၊ မှော်ဝမ်းကလေး၊ မှော်ဝမ်းကြီး၊ အင်မိုင်းယန်နဲ့ မှော်မောကုန်းတို့က ဒေသခံတွေ ဘေးလွတ်ရာကို တိမ်းရှောင်နေရတယ်လို့ ဖားကန့်ဒေသခံ တယောက်က ပြောပါတယ်။
“တိုက်ပွဲဖြစ်တော့ တိမ်းရှောင်တာက အမှိုက်ပုံရွာ၊ မှော်ဝမ်းကလေး၊ မှော်ဝမ်းကြီး၊ အင်မိုင်းယန်၊ မှော်မောကုန်းရွာတွေက ဒေသခံတွေ တိမ်းရှောင်နေရတယ်။ မှော်ဝမ်းကလေးဘက်က တိုက်ပွဲငြိမ်သက်နေပေမယ့် စစ်ကြောင်းတွေ ရှိတော့ စစ်ရေးတင်းမာနေတယ်။ ဖားကန့်ဘက်ကို ဗိုလ်မှူးချုပ်ဇော်လတ်ဦးဆောင်တဲ့ မိုးကောင်းက အမှတ် ၃ ခြေလျင်တပ်မဟာစစ်ကြောင်း အဲဒီစစ်ကြောင်း ဝင်လာကတည်းက ဆိုရင် ပြည်သူ ၃၉ ဦးအထိ သေဆုံးပြီးပြီ။ ပစ်သတ်ခံရတာရော၊ လက်နက်ကြီးကျရောက်ပေါက်ကွဲတာတွေရောဆိုရင်။”
စစ်ကောင်စီစစ်ကြောင်း ဖားကန့်မြိုနယ် လုံးခင်းကျေးရွာထဲ စတင်ဝင်ရောက်လာကတည်းကနေ အခုအချိန်ထိ အရပ်သားပြည်သူ ၃၉ ယောက် အထိသေဆုံးခဲ့ပြီး အများစုကတော့ စစ်ကောင်စီစစ်ကြောင်းထိုးနေချိန် ပစ်ခတ်သတ်ဖြတ်ခဲ့တာလို့ ဒေသခံတွေဆီက သိရပါတယ်။
ဖားကန့် ဒေသမှာ မေ ၂၈ ရက်ကစပြီး ပထမအကြိမ် လဝါး-ကာမိုင်း-ဖားကန့်လမ်းအတိုင်း တက်လာတဲ့ စစ်ကြောင်းတွေက ဖားကန့်မြို့နယ်ရှိ လုံးခင်းကျေးရွာအုပ်စုနဲ့ ဖားကန့် အုပ်စုရှိ ကျေးရွာတွေမှာ စစ်ကြောင်းထိုး စစ်ရေးလှုပ်ရှားနေပြီး KIA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကြား စစ်ရေးတင်းမာမှုဖြစ်နေတာ တလလောက် ကြာမြင့်လာပြီ ဖြစ်ပါတယ်။
ဒါ့အပြင် မေ ၂၃ ရက်က ကာမိုင်းလမ်းကြောင်းကနေ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီနဲ့ ပြည်သူ့စစ်အဖွဲ့တွေက အင်အား ၁၀၀ ပါ စစ်ကြောင်းဟာလည်း KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ နန့်ယားအနီးမှာ ပိတ်ဆို့တိုက်ခိုက်နေတဲ့ကြားက ၂၆ ရက်က နန့်ယားအကျော် ကပ်မှော်နဲ့ ဆိုင်းဖရာဘက်ကို ရောက်ရှိလာပြီလို့ သိရပါတယ်။
မေ ၂၄ ရက်ကစပြီး စစ်ရေးအခြေအနေတွေကြောင့် မြစ်ကြီးနား-ဖားကန့်လမ်းကို နှစ်ဖက်တပ်တွေကနေ ပိတ်ထားခဲ့တာ ဖြစ်ပါတယ်။
ဟန်န