ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကျောက်မဲမြို့မှာ ဇူလိုင် ၈ ရက် မနက် ၉ နာရီခန့်က စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးထပ်ကြဲလို့ ဒေသခံတယောက် သေဆုံးပြီး ၄ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရပါတယ်။
ဒေသခံ အမျိုးသားတယောက်က “ကျောက်မဲမှာ လေကြောင်းနဲ့ ဗုံးထပ်ကြဲသွားပါတယ်။ ကောင်းအက်သွားတဲ့လမ်း တောင်နောက် ဘိုးဘွားရိပ်သာ အနောက်ဘက်” လို့ ပြောပါတယ်။
လေကြောင်းနဲ့ ဒီနေ့ ဇူလိုင် ၈ ရက် မနက် ၈ နာရီ ၅၉ မိနစ်မှာ တကြိမ်၊ ၉ နာရီ ၄ မိနစ်မှာ တကြိမ် ကြဲသွားတာလို့ သူက ပြောပါတယ်။
ဒေသတွင်း ပရဟိတ ဝာာဝန်ရှိသူတယောက်က “ကျောက်မဲမြို့ ငြိမ်းချမ်းရေးကုန်းရှိ အောက်စီဂျင်စက်ရုံအနီး ထိခိုက်ဒဏ်ရာရလူနာ ၄ ဦးရှိတဲ့ထဲ တဦး ဒဏ်ရာပြင်းထန်တယ်။ သေဆုံးသူ တဦးရှိတယ်” လို့ ပြောပါတယ်။
ဒေသတွင်း ပရဟိတအသင်းတွေက ထိခိုက်ဒဏ်ရာရသူတွေကို နီးစပ်ရာဆေးခန်းကို ကူညီပို့ဆောင်ပေးခဲ့ပြီး သေဆုံးသူရဲ့ အလောင်းကို အေးချမ်းသာသုသာန်ကို ကူညီပို့ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဇူလိုင် ၈ ရက် မနက် ၉ နာရီ၀န်းကျင်မှာ ကျောက်မဲမြို့ကို ကြဲချခဲ့ပြီးနောက် ၉ နာရီ ၃၅ မိနစ်၀န်းကျင်က မိုးကုတ်မြို့ အနောက်ပိုင်းကို တပြိုင်တည်း ဗုံးတွေ လာရောက်ကြဲချခဲ့ကြောင်း ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) သတင်းနဲ့ ပြန်ကြားရေးဌာနက သတင်းထုတ်ထားပါတယ်။
ကျောက်မဲမှာ ဇူလိုင် ၅ ရက်၊ ဇွန် ၂၉ ရက်၊ ဇွန် ၂၇ ရက်၊ ဇွန် ၂၄ ရက်နေ့တွေမှာလည်း ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး လေကြောင်းတိုက်ခိုက်မှုကြောင့် လက်ရှိထိ ဒေသခံ ၆ ယောက် သေဆုံးပြီး ဒဏ်ရာရသူ အယောက် ၂၀ ကျော်ပြီဖြစ်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။