
ဆိုမာလီယာနိုင်ငံမှာ ကလေးတွေအကြား ကာကွယ်ဆေးထိုးနှံမှုနှုန်း နိမ့်ကျနေပြီး အာဟာရချို့တဲ့မှု ပျံ့နှံ့နေပါတယ်။
USAID နဲ့ Save the Children အဖွဲ့တို့က ပံ့ပိုးကူညီတဲ့ ဘူလိုဂျာဒစ် ကျန်းမာရေးဌာနမှာ ဒေါက်တာ မာယန်မိုဟမ်မဒ်က ဒီဆေးခန်းဟာ ပျမ်းမျှအားဖြင့် နေ့စဉ် လူ ၆၀ ကျော်ကို လက်ခံရရှိပြီး အများစုက ကာကွယ်ဆေးထိုးဖို့ ကြိုးပမ်းနေတာလို့ ပြောပါတယ်။ ဒါပေမဲ့ အကူအညီတွေ ဖြတ်တောက်မှုဟာ အကျပ်အတည်းကို ပိုမိုဆိုးရွားစေပါတယ်။
Save the Children UK ရဲ့ CEO မိုအာဇံ မာလစ်ခ်က ဆိုမာလီယာမှာ လိုအပ်ချက်တွေ ကြီးမားပြီး နှစ်ပေါင်းများစွာ မိုးခေါင်ရေရှားမှု၊ အသက်မွေးဝမ်းကျောင်းမှုနဲ့ တိရစ္ဆာန်တွေ ဆုံးရှုံးပြီးတဲ့နောက် လူမှုအသိုက်အဝန်း အများအပြားဟာ ထိခိုက်လွယ်နေကြတယ်လို့ ပြောပါတယ်။
မိုးခေါင်ရေရှားမှုနဲ့ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အကျိုးသက်ရောက်မှုတွေနဲ့အတူ လိုအပ်ချက်တွေကို အပူတပြင်း ရင်ဆိုင်နေရတဲ့ တချိန်တည်းမှာ ဆိုမာလီယာဟာ အကူအညီ ဖြတ်တောက်ခြင်းရဲ့ အကျိုးသက်ရောက်မှုကို ခံစားနေကြရတယ်လို့ မာလစ်ခ်က ပြောပါတယ်။
ကာဒရို ဟတ်ဆန် အဗ်ဒူလာက သူ့ရဲ့ အာဟာရချို့တဲ့နေတဲ့ ကလေးအတွက် အာဟာရ ဘီစကွတ်တွေ ရဖို့ ဆေးခန်းကို လာခဲ့တာပါ။
ကျန်းမာရေးဝန်ထမ်းတယောက်က သူ့ကလေးကို စမ်းသပ်စစ်ဆေးပြီး အာဟာရချို့တဲ့ကြောင်း အတည်ပြုခဲ့တာပါ။ အဗ္ဗဒူလာက သူ့ကလေးကို ကျွေးဖို့ အာဟာရမြင့်မားတဲ့ ခရင်မ်ကို လက်ခံရရှိခဲ့ပါတယ်။
ထောက်ပံ့ရေးရန်ပုံငွေတွေ လျော့နည်းလာတာနဲ့အမျှ ရောဂါဖြစ်ပွားမှုနဲ့ အာဟာရချို့တဲ့မှုနှုန်းတွေ မြင့်တက်လာနိုင်ပြီး ကလေးထောင်ပေါင်းများစွာရဲ့ အသက်အန္တရာယ်ကို ထိခိုက်စေနိုင်တယ်လို့ ကျန်းမာရေးကျွမ်းကျင်သူတွေက သတိပေးထားပါတယ်။
Source: Reuters