
ငလျင်ဒဏ်သင့် ရှေးဟောင်းအဆောက်အအုံတွေပြုပြင်နိုင်ရေး တရုတ်ကကူညီဖို့ ရှေးဟောင်းသုတေသနနဲ့ အမျိုးသားပြတိုက်ဦးစီးဌာနက အကူအညီတောင်းခံပြီး ရှေးဟောင်း အဆောက်အအုံတွေကို ပျက်စီးမှဆောင်ရွက်တာထက် ပုံမှန်စစ်ဆေးပြီး ထိန်းသိမ်းရေးလုပ်ဖို့ လိုတယ်လို့ တရုတ်ပညာရှင်တွေက ပြောပါတယ်။
ရှေးဟောင်းသုတေသနနဲ့ အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဟာ ဇွန် ၁၆ ရက်နေ့က တရုတ်နိုင်ငံ၊ National Cultural Heritage Administration နဲ့ Shaanxi Provincial Cultural Heritage Administration က ပညာရှင်အဖွဲ့ကို မန္တလေးမှာ တွေ့ဆုံ အကူအညီတောင်းလိုက်တာပါ။
တရုတ်-မြန်မာချစ်ကြည်ရေးအနေနဲ့ မန္တလေးနန်းမြို့ရိုးပတ်လည်ဧရိယာက မြို့ဝင်ပေါက်၊ သူရဲပြေး၊ သူရဲခို၊ ပြအိုး၊ ပြာသာဒ်၊ မီးတား အင်္ဂါအပြည့်အစုံပါတဲ့တနေရာကို ပြုပြင်ပေးဖို့ တောင်းဆိုသလို တန်ဖိုးကြီးမားပြီး အနုလက်ရာရှိတဲ့ ရှေးဟောင်းအဆောက်အအုံတွေကို ပျက်ပုံအတိုင်းထိန်းသိမ်းပြီး အန္တရာယ်ကင်းအောင်နဲ့ ထပ်မပြိုကျအောင် ဘယ်လိုလုပ်ရမယ်ဆိုတာ အကြံဉာဏ်ပေးစေလိုပြီး တရုတ်ပညာရှင်ဘက်က လိုအပ်တဲ့ အချက်အလက်တွေကို ပေးမယ်လို့လည်း ပြောပါတယ်။
တရုတ်ပညာရှင်အဖွဲ့က မြို့ရိုးမှာ ပျက်စီးခဲ့တဲ့အစိတ်အပိုင်းအားလုံးကို RC ကွန်ကရစ်နဲ့ ငလျင်ဒဏ်ခံနိုင်အောင်ရည်ရွယ်ပြီး မဆောက်သင့်ကြောင်း၊ ရှေးဟောင်းအဆောက်အအုံတွေကို ငလျင်ဒဏ်ခံနိုင်အောင် ဆောင်ရွက်ဖို့မလိုဘဲ ရှေးမူမပျက်ဆောင်ရွက်ဖို့လိုကြောင်း၊ RC ကွန်ကရစ်နဲ့ဆောက်လိုက်ရင် မိုးရေစိမ့်ဝင်လာတဲ့အခါ အထဲကနေ ရေပြန်မထွက်နိုင်ဘဲ မူလရှေးဟောင်းအုတ်ချပ်တွေ တဖြည်းဖြည်းဆွေးမြေ့ပျက်စီးစေနိုင်တယ်လို့ ပြန်ပြောပါတယ်။
အုတ်နဲ့ သစ်သား တွဲဆက်တဲ့ပုံစံဟာ သဟဇာတမဖြစ်ဘဲ အုတ်တွေဟာ သစ်သားတိုင်ကို ကာကွယ်တဲ့အနေအထားမှာပဲရှိတာကြောင့် အုတ်ပြန်စီတဲ့အခါ အထူးသတိထားဖို့လိုတယ် လို့လည်း ပြောပါတယ်။
ရှေးဟောင်းအဆောက်အအုံတွေကို ပျက်စီးမှ ဆောင်ရွက်တာထက် ပုံမှန်စစ်ဆေးပြီး ထိန်းသိမ်းရေးဆောင်ရွက်ဖို့လိုကြောင်း၊ ထိန်းသိမ်းရေးဆောင်ရွက်ရာမှာလည်း ရှေးနည်းနဲ့ သိပ္ပံနည်းပေါင်းစပ်ပြီး ဆောင်ရွက်ဖို့လိုတယ်လို့လည်း ပြောခဲ့ပါတယ်။
တရုတ်ပညာရှင်အဖွဲ့ဟာ ဇွန် ၁၀ ရက်မှာ မန္တလေးကိုရောက်လာပြီး ၁၁ ရက်နေ့မှာ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့တဲ့ မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းထဲက အင်းဝ၊ မက္ခရာ၊ စစ်ကိုင်း စတဲ့နေရာတွေက ရှေးဟောင်းအဆောက်အအုံ ၂၇ နေရာကို သွားရောက်လေ့လာခဲ့သလို မန္တလေးနန်းမြို့ရိုးကို ထပ်ပြီး လေ့လာဦးမယ်လို့ ဌာနက ထုတ်ပြန်ပါတယ်။