
ချင်းပြည်နယ်၊ လိုင်လင်းပီမြို့မှာရှိတဲ့ ချင်းလဲန်းကာကွယ်ရေးတပ် - မရာ (CDF Mara) ဌာနချုပ်ကို ဝင်ရောက်စီးနင်းဖို့အတွက် မရာလဲန်းကာကွယ်ရေးတပ် (MDF) နဲ့ အာရက္ခတပ်တော် AA တို့ အင်အားအလုံးရင်းနဲ့ ထိုးစစ်ဆင်လာတယ်လို့ ဇူလိုင် ၅ ရက်မှာ CDF Mara က သတင်းထုတ်ပြန်ပါတယ်။
MDF နဲ့ AA တပ်ဖွဲ့ဝင်တွေဟာ လာအိုကျေးရွာကနေ အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာပြီး ဇူလိုင် ၃ ရက်မှာ CDF Mara ဌာနချုပ်နဲ့ ၁ မိုင်လောက်အကွာထိ ထိုးစစ်ဆင်ရောက်ရှိနေပြီလို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
လက်ရှိမှာ ချင်းပြည်အတွင်း ကြုံတွေ့နေရတဲ့ ချင်းလက်နက်ကိုင်အချင်းချင်းကြား စစ်ရေး၊ နိုင်ငံရေး ပြဿနာတွေ ကျော်လွှားနိုင်ဖို့ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ်က တာဝန်ယူပြီး ငြိမ်းချမ်းရေး ဖော်ဆောင်နေတာ ဖြစ်ပါတယ်။
ဒါကြောင့် MDF နဲ့ AA တပ်ဖွဲ့ဝင်တွေကို ငြိမ်းချမ်းရေးနဲ့ ပြန်လည်သင့်မြတ်ရေးအတွက် စစ်ရေးပွတ်တိုက်မှုမဖြစ်အောင် ထိုးစစ်တွေရပ်တန့်ပြီး ပြန်လည်ဆုတ်ခွာသွားဖို့ တိုက်တွန်းထားပါတယ်။
MDF နဲ့ AA တပ်ဖွဲ့ဝင်တွေအနေနဲ့ ပြန်လည်မဆုတ်ခွာဘဲ ပစ်ခတ်မှုတွေရှိလာရင်တော့ မိမိတို့ တာဝန်ပဲဖြစ်မယ်ဆိုပြီး သတိပေးထုတ်ပြန်ထားပါတယ်။