Home
မြန်မာသတင်း
မုဒိမ်းကျင့်ရန်ကြံစည်သူအား အာမခံဖြင့်လွှတ်ပေးခဲ့သည့် တရားသူကြီးကို AA စစ်ဆေး
DVB
·
July 3, 2025

ရခိုင်ပြည်နယ်၊ မြေပုံမြိုနယ်၊ လွန်လုံးပိုက်ကျေးရွာရှိ အမျိုးသမီးငယ်တယောက်ကို အဓမ္မပြုကျင့်ဖို့ ကြံစည်ခဲ့တဲ့ အမျိုးသားတယောက်ကို အာမခံပေးပြီး လွှတ်ခဲ့တဲ့ တရားသူကြီးတယောက်ကို အာရက္ခတပ်တော် (AA) က စစ်ဆေးနေတယ်လို့ AA နဲ့ နီးစပ်သူတွေက ပြောပါတယ်။

လွန်းလုံးပိုက်ကျေးရွာမှာ ၂၀၂၄ ခုနှစ် မေ ၂၉ ရက်က အသက် ၂၃ နှစ်အရွယ် အမျိုးသမီးငယ်တယောက်ကို တရွာတည်းနေ အိမ်နီးချင်း အမျိုးသား‌ဖြစ်တဲ့ မျိုးသက်နိုင် (၂၄ နှစ်) အရွယ် လူငယ်က အဓမ္မပြုကျင့်ဖို့ ကြံစည်ခဲ့တာဖြစ်ပြီး အမျိုးသမီးငယ်ရဲ့ အော်ဟစ် အကူအညီတောင်းမှုကြောင့် ရွာသားတွေ ဝိုင်းဝန်းဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက် အာရက္ခတပ်တော်ရဲ့ ရဲတပ်ဖွဲ့ဖြစ်တဲ့ DLEPS တပ်ဖွဲ့ထံ အပ်နှံခဲ့ပြီး ဒေသဆိုင်ရာ တရားရုံးမှာ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၅၄၊ ပုဒ်မ ၄၅၂၊ ပုဒ်မ ၃၀၇ နဲ့ တရားစွဲဆိုခဲ့ပြီး ရက်အနည်းငယ်အကြာမှာ ဒေသဆိုင်ရာ တရားသူကြီးက အဓမ္မပြုကျင့်ဖို့ ကြံစည်သူကို အာမခံပေးပြီး လွှတ်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက် နစ်နာသူ အမျိုးသမီးငယ် မိသားစုတွေကြား မကျေနပ်မှုတွေ မြင့်တက်ခဲ့ပြီး ၂၀၂၅ ခုနှစ် ဇွန်လကုန်ပိုင်းက ဆိုရှယ်မီဒီယာပေါ်မှာ ရေးသားခဲ့ပြီးမှ အာရက္ခတပ်တော်ရဲ့ ရဲတပ်ဖွဲ့ DLEPS က အဓမ္မပြုကျင့်ဖို့ ကြံစည်သူကို ဖမ်းဆီးခဲ့သလို ထောက်လှမ်းရေးက အမှုအာမခံပေးခဲ့တဲ့ တရားသူကြီးကို ထိန်းသိမ်းခဲ့ပြီး စစ်ဆေးမေးမြန်းခဲ့တာ ဖြစ်ပါတယ်။

တရားသူကြီးကို စစ်ဆေးနေတာ မှန်ကန်ပြီး အမှုမှန်ပေါ်ထွက်အောင် ကြိုးပမ်းမှုတွေ ရှိနေတယ်လို့ AA နဲ့ နီးစပ်သူ အမျိုးသားတယောက်က ပြောပါတယ်။

“အဲဒီအမှုကို ကိုင်တွယ်ခဲ့တဲ့ တရားသူကြီးကို ခေါ်ယူစစ်ဆေးနေတာ ဟုတ်တယ်။ အဓိကတော့ အဓမ္မပြုကျင့်ဖို့ ကြံစည်သူတဦးကို ဘာကြောင့် အာမခံပေးရလဲ ဆိုတာကို စစ်ဆေးနေတာ ဖြစ်နိုင်တယ်။ နောက် ကျူးလွန်သူ အမျိုးသားကိုလည်း DLEPS တပ်ဖွဲ့က ဖမ်းဆီးထားပြီးတော့ အမှုမှန်ပေါ်ပေါက်ဖို့နဲ့ တရားဥပဒေအတိုင်း အရေးယူမှုပြုလုပ်ဖို ကြိုးပမ်းနေကြတယ်။”

လက်ရှိမှာတော့ အဓမ္မပြုကျင့်ဖို့ ကြံစည်ခဲ့တဲ့ အမျိုးသားကို ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၅၄၊ ပုဒ်မ ၄၅၂၊ ပုဒ်မ ၃၀၇ တို့နဲ့ မင်းပြားမြို့နယ် ရဲစခန်းမှာ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

အဓမ္မပြုကျင့်ဖို့ ကြိုးပမ်းသူဟာ အသက် ၂၃ နှစ်အရွယ် အမျိုးသမီးငယ် အိမ်သာကိုအသွားမှာ အဝတ်အစားဗလာနဲ့ အဓမ္မပြုကျင့်ဖို့ ကြိုးပမ်းခဲ့တာဖြစ်ပြီး ထိုးကြိတ်တာတွေလည်း ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အဓမ္မပြုကျင့်ပြီး သတ်ဖြတ်ဖို့အထိ ကြိုးပမ်းသူတယောက်ကို လွှတ်ပေးထားတာက လူ့အသိုက်အဝန်းအတွက် အလွန်အန္တရာယ်ကြီးပြီး တရားဥပဒေကိုလည်း ဝေဖန်စရာတွေ ဖြစ်စေတယ်လို့ မြေပုံမြို့နယ်က တက်ကြွလူငယ် အမျိုးသမီးတယောက်က ပြောပါတယ်။

“အမျိုးသမီးငယ်တဦးကို အဓမ္မပြုကျင့်ပြီး သတ်ဖြတ်ဖို့အထိ ရည်ရွယ်သူတဦးကို ဥပဒေအရ ထိရောက်စွာ အရေးမယူဘဲ လွှတ်ပေးလိုက်တယ် ဆိုကတည်းက တရားဥပဒေစိုးမိုးမှုအပေါ် ဝေဖန်စရာဖြစ်နေပြီ။ အဲလို ရာဇဝတ်မှု ကျူးလွန်သူကို လွှတ်ပေးထားတယ်ဆိုတာ အရမ်းအန္တရာယ်များတဲ့ လုပ်ရပ်ဖြစ်တယ်။ နောက်ထပ် ဒီလိုပြစ်မှုတွေ ကျူးလွန်မှုတွေ မလုပ်ရဲအောင် ဥပဒေအရ ထိရောက်စွာ အရေးယူဆောင်ရွက်ပေးဖို့ လိုအပ်တယ်။”

မင်းပြားမြို့နယ်၊ ဖားပြိုကျေးရွာမှာလည်း မေ ၆ ရက်က အသက် ၉ နှစ်အရွယ် မိန်းကလေးငယ်တယောက်ကို မုဒိမ်းကျင့်ပြီး သတ်ဖြတ်ခဲ့ကာ ရုပ်အလောင်းကို သစ်ပင်ပေါ်မှာ တွဲလောင်းထားတဲ့ ဖြစ်စဉ် ရှိခဲ့ပါတယ်။

လက်ရှိမှာ အဲဒီအမှုနဲ့ ပတ်သတ်ပြီး သံသယတရားခံ ၈ ယောက်ကို ဖမ်းဆီးထားပေမဲ့ ထိရောက်တဲ့ အရေးယူ ဆောင်ရွက်မှုတွေ မတွေ့ရသေးဘူးလို့ ရခိုင်အခြေစိုက် အမျိုးသမီးအရေး လှုပ်ရှားသူတွေက ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024