
ကွန်မြူနစ်အပါအဝင် အာဏာရှင်နိုင်ငံနဲ့ အာဏာရှင်လူ့အဖွဲ့အစည်းတွေဟာ ဘာလုပ်လုပ် လျှို့ဝှက်ကြတယ်။ အပြင်ကို ပေါက်ကြားလေ့မရှိသလို ဒီအဖွဲ့အစည်းတွေရဲ့ အတွင်းစည်းထဲမှာ ဘာတွေ လုပ်နေတယ်ဆိုတာ ဘယ်သူမှ မသိရဘူး။ အာဏာရှင်နိုင်ငံတွေရဲ့ သတင်းထုတ်ပြန်ပုံတွေဟာလည်း ပုံစံကျ orchestrated လုပ်ထားကြတာများတယ်။ သတင်းကောင်းတွေ၊ သကာလိမ်းကြံထားတဲ့ သတင်းတွေကိုသာ ဖတ်ကြားကြရပြီး နိုင်ငံတော်ဟာ အမြဲတမ်း သာယာဖွံ့ဖြိုးနေတယ်။ ကွန်မြူနစ်နိုင်ငံတွေရဲ့ သတင်းတွေထဲ သတင်းဆိုး Negative တွေ ဘယ်တော့မှ မတွေ့ရဘူး။ ဥပမာ- မြောက်ကိုးရီးယား။
အထဲမှာ ဘာဖြစ်နေမှန်း လူထု public က အသေအချာ မသိကြတဲ့အခါ ဒီလူ့အဖွဲ့အစည်းထဲမှာ ကောလာဟလတွေဟာ ပျံ့နှံ့လာတတ်တယ်။ ဒီရက်ထဲမှာ တရုတ်သမ္မတ ရှီကျင့်ဖျင် ပျောက်ဆုံးနေတာ နှစ်ပတ်ကျော်သွားပြီလို့ သိရတယ်။ ကမ္ဘာမှာ ထင်ရှားတဲ့ ခေါင်းဆောင်တဦး လူမြင်ကွင်းက ရက်အတန်ကြာ ပျောက်နေတဲ့အခါ သို့လော သို့လော သတင်းတွေလည်း ထွက်လာတော့တယ်။
လာမယ့် တနင်္ဂနွေ၊ ဇူလိုင် ၆ ရက်မှာ ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးရိုးမြို့တော်မှာ BRICS ထိပ်သီးညီလာခံတရပ် ကျင်းပဖို့ ရှိတယ်။ အားလုံးသိတဲ့အတိုင်း ဒီအဖွဲ့ကြီးရဲ့ ခေါင်းကိုင်ဖခင်ဟာ တရုတ်နဲ့ ရုရှားပါ။ ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်စတဲ့ ကမ္ဘာ့လူဦးရေထက်ဝက်ခန့်ရှိ နိုင်ငံတွေနဲ့ စတင်ဖွဲ့စည်းခဲ့ပြီး နောက်ပိုင်းမှာ တောင်အာဖရိကပါ ပါဝင်လာတဲ့ ဒီအဖွဲ့ (BRICS) ဟာ အမေရိကန်နဲ့ အနောက်အုပ်စုရဲ့ ဩဇာလွှမ်းမိုးမှုကို ပခုံးချင်းယှဉ်ဖို့ ဖွဲ့စည်းခဲ့တာဖြစ်တယ်။ ဒီအထဲမှာ တရုတ်က စီးပွားရေးအင်အားအကြီးမားဆုံးဖြစ်ပြီး စုစုပေါင်း GDP ရဲ့ ၆၀ ရာခိုင်နှုန်းရှိတယ်။ ၂၀၀၉ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့တဲ့ ဒီအဖွဲ့ထဲကို မနှစ်ကစပြီး အီရန်၊ အီဂျစ်၊ အီသီယိုပီးယား၊ ယူအေအီးနဲ့ အင်ဒိုနီးရှားတို့ အဖွဲ့ဝင်အဖြစ်ပါဝင်လာကြတယ်။ ဒါဆိုရင် ဒီအဖွဲ့ထဲမှာ တရုတ်ရဲ့ အခန်းကဏ္ဍ ဘယ်လောက်အထိ အရေးပါမယ်ဆိုတာ ခန့်မှန်းနိုင်တယ်။
တနင်္ဂနွေနေ့မှာ ကျင်းပမယ့် BRICS ထိပ်သီးအစည်းအဝေးကို တရုတ်သမ္မတ ရှီကျင့်ဖျင် တက်ရောက်မှာမဟုတ်ဘဲ ဝန်ကြီးချုပ် လီကျန်းသာ တက်ရောက်မယ့်အကြောင်း ဇူလိုင် ၂ ရက်က ပြုလုပ်တဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန သတင်းစာရှင်းလင်းပွဲမှာ ပြောရေးဆိုခွင့်ရှိသူ မော်နင်းက အသိပေးပြောကြားသွားခဲ့တယ်။ ဒါဟာ နှစ်ပတ်ကြာ ပျောက်ဆုံးနေတဲ့ “သမ္မတ ရှီကျင့်ဖျင်ရဲ့ ပဟေဠိ” အဖြစ် လူအများကို စိတ်ဝင်စားသွားစေခဲ့တယ်။ BRICS အစည်းအဝေးကို ရှီ မတက်ရောက်နိုင်တဲ့အကြောင်း ပထမဆုံးသတင်းရေးသားခဲ့တာက SCMP သတင်းဌာနဖြစ်တယ်။ South China Morning Post သတင်းစာဟာ ဇွန် ၂၅ ရက်ကတည်း BRICS အစည်းအဝေးကို ရှီ မတက်ဘူးလို့ သတင်းရေးခဲ့တယ်။
ခုလို နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပြီးတဲ့နောက်မှာတော့ " ရှီ ဘယ်ရောက်နေလဲ" "တရုတ်ပြည်မှာ အာဏာသိမ်းမှုဖြစ်နေပြီလား" ဆိုတဲ့ မီဒီယာတွေရဲ့ မှန်းဆရေးသားချက်တွေ အများအပြားပေါ်ထွက်လာတယ်။ လျှို့ဝှက်တဲ့ ကွန်မြူနစ်ပါတီအဖွဲ့အစည်း ဖြစ်တာကြောင့် တရုတ်အစိုးရခေါင်းဆောင်ပိုင်းမှာ အမှန်တကယ် ဘာဖြစ်နေတယ်ဆိုတာ ဘယ်သူမှ မသိကြပါဘူး။ ကိုယ့်ထင်မြင်ယူဆချက်နဲ့ ကိုယ် မှန်းဆရေးသားတဲ့ အခြေအနေမှာပဲ ရှိတယ်။ အစဉ်အလာအားဖြင့် တရုတ်အစိုးရထိပ်တန်းခေါင်းဆောင်တဦး အချိန်ကာလတခုအထိ ပျောက်ဆုံးနေတယ်ဆိုရင် နောက်ဆုံးမှာ ရာထူးက ဖယ်ရှားခံရပြီ ဆိုတဲ့သတင်းနဲ့သာ အဆုံးသတ်လေ့ရှိကြတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဟောင်း ချင်ဂန်းဟာ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလကနေ ၂၀၂၃ ဇူလိုင်လအထိ ရက်ပေါင်းအတန်ကြာ ပျောက်ဆုံးနေခဲ့ပြီး ဇူလိုင် ၂၅ ရက်မှာ ရာထူးက ဖယ်ရှားခံလိုက်ရတယ်။ အလားတူ ကာကွယ်ရေးဝန်ကြီးဟောင် လီရှန်းဖူ ဟာလည်း ၂၀၂၃ ဩဂုတ်လ၂၉ ရက်မှာ ရုတ်တရက် ပျောက်ဆုံးသွားခဲ့ပြီး အောက်တိုဘာလမှာ ရာထူးက ဖယ်ရှားခံလိုက်ရတယ်။
တရုတ်သမ္မတ ရှီကျင့်ဖျင် ပျောက်ဆုံးနေမှုကို မီဒီယာတွေက အမျိုးမျိုးမှတ်ချက်ပေး ရေးသားကြတယ်။ စင်ကာပူအခြေစိုက် CNA ကတော့ ရှီကျင့်ဖျင်ဟာ တကယ်ပဲ နေမကောင်းဖြစ်နေလို့ အစည်းအဝေးမတက်နိုင်ဖြစ်မယ်လို့ သုံးသပ်သလို ဒီအစည်းအဝေးက သိပ်အရေးမကြီးဘူး။ ဘရာဇီးသမ္မတ လူလာဒါဆေးလ်ဗားနဲ့လည်း နှစ်ကြိမ်တွေ့ထားတာ သိပ်မကြာသေးဘူး။ လေယာဉ်ခရီးစဉ်ကလည်း အသွားတရက်၊ အပြန်တရက်ကုန်မှာမို့ မသွားတာဖြစ်နိုင်သလို ပြည်တွင်းမှာ စီးပွားရေးကျဆင်းနေတာတွေ၊ အိမ်ခြံမြေလုပ်ငန်းတွေ ကျဆင်းပြီး လူငယ်အလုပ်လက်မဲ့တွေ ပေါများလာတဲ့ပြဿနာ၊ အမေရိကန်နဲ့ ရင်ဆိုင်နေရတဲ့ ကုန်သွယ်ရေးကိစ္စတွေကြောင့် သွားမတက်တာဖြစ်နိုင်တယ်လို့ သုံးသပ်တယ်။
ထူးခြားတာက ဘရာဇီး BRICS ထိပ်သီးအစည်းအဝေးကို အဓိက ဦးဆောင်နိုင်ငံတွေဖြစ်တဲ့ တရုတ်ရော၊ ရုရှားပါ ခေါင်းဆောင်တွေ မတက်ရောက်ကြတာပဲဖြစ်တယ်။ ရှီကျင့်ဖျင် မတက်ရောက်နိုင်သလိုပဲ ရုရှားသမ္မတ ပူတင်ကလည်း ဒီအစည်းအဝေးကို သွားမတက်ဘူးလို့ သိရတယ်။ ပူတင်ကတော့ သူ့အပူနဲ့ သူပါ။ ဘရာဇီးဟာ ICC နိုင်ငံတကာရာဇဝတ်ခုံရုံးအဖွဲ့မှာ လက်မှတ်ထိုးထားတဲ့ နိုင်ငံဖြစ်ပြီး ဖမ်းဝရမ်းထုတ်ခံထားရတဲ့ ပူတင် ဘရာဇီးရောက်လာရင် ဖမ်းဆီးခံရနိုင်တဲ့အတွက် ကြိုတင်ရှောင်ရှားတာဖြစ်တယ်။ ပူတင်က ၂၀၂၃ တောင်အာဖရိကမှာ ကျင်းပတဲ့ BRICS ညီလာခံကိုလည်း သွားမတက်ခဲ့ဘူး။ တောင်အာဖရိက ကလည်း ICC အဖွဲ့ဝင်ပါ။ သမ္မတ ပူတင်ကိုယ်စား နိုင်ငံခြားရေးဝန်ကြီး ဆာဂေးလာဗရော့ဗ် သွားတက်မယ်လို့ သိရတယ်။
အမေရိကန်ဦးဆောင်နေတဲ့ ဝင်ရိုးတချောင်းကမ္ဘာကို ပြိုင်ဆိုင်ဖို့ ပေါ်ထွက်လာတဲ့ အဖွဲ့အစည်းရဲ့ ထိပ်သီးအစည်းအဝေးကို ခေါင်းဆောင်ကြီးတွေ တက်မလာတာဟာ ထူးခြားနေတယ်။ ရှီကျင့်ဖျင်ဟာ သမ္မတဖြစ်လာချိန် ၂၀၁၂ ခုနှစ်ကစလို့ ဒီအစည်းအဝေးကို နှစ်စဉ်မပျက်မကွက်တက်ရောက်ခဲ့တယ်။ ဒီတကြိမ် မတက်ရောက်ခြင်းနဲ့ လူထုမြင်ကွင်းက ပျောက်ဆုံးနေခြင်းဟာ ထူးခြားနေတယ်။
အိန္ဒိယသတင်းဌာနတခုကတော့ ရှီကျင့်ဖျင် ပျောက်ဆုံးနေမှုဟာ အတိုက်အခံအုပ်စုက ရှီရဲ့ အာဏာတွေကို ထိန်းချုပ်လိုက်ပြီ ဖြစ်တဲ့အတွက်ကြောင့် လို့ဆိုတယ်။ တပါတီစနစ်အရ တရုတ်ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူးဟာ သမ္မတ တာဝန်နဲ့ ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌ တာဝန်ကိုပါ ထမ်းဆောင်ရတယ်။ ရှီကျင့်ဖျင်ဟာ ဒီရာထူးသုံးခုစလုံးကို ရယူထားတယ်။
Jennifer Zeng ဆိုသူ ဂျာနယ်လစ်တဦးရဲ့ အဆိုအရ လွန်ခဲ့တဲ့ ၂ နှစ်က ရှီ ရာထူးတိုးပေးခဲ့တဲ့ စစ်ဗိုလ်ချုပ်တွေ ရာထူးက ဖယ်ရှားခံလိုက်ရသလို တချို့အရေးယူခံရတယ်လို့ သိရတယ်။ ရှီလက်ထဲမှာ အာဏာမရှိတော့ဘူး လို့ သူကဆိုတယ်။
ဇွန် ၃၁ ရက်က အမျိုးသားလုံခြုံရေးအကြံပေး Zheng Yanshi ရာထူးက ထုတ်ပယ်ခံရပြီး ဇွန် ၂၉ ရက်မှာ ဗိုလ်ချုပ် Miao Hua နဲ့ ဒု-ဥက္ကဌ He Weidong တို့ကို အကျင့်ပျက်ခြစားမှုနဲ့ ဖယ်ရှားခဲ့တယ်။ တခြားဖယ်ရှားခံရသူတွေထဲမှာ ရေတပ်အကြီးအကဲ Li Hanjun၊ နျူကလီးယားကော်ပိုရေးရှင်းလက်ထောက် အကြီးအကဲ Liu Shipeng နဲ့ ဒုံးပျံတပ်ဖွဲ့တပ်မှူး Wang Haobin တို့ပါဝင်ပြီး အမည်မဖော်ပြသူအများအပြားလည်း ရာထူးက ဖယ်ရှားခံခဲ့ရတယ်။
လက်ရှိ တရုတ်စစ်တပ်ကို တရုတ်တပ်မတော် ပထမလက်ထောက်အကြီးအကဲ ဗိုလ်ချုပ် Zhang Youxia က ထိန်းချုပ်ထားပြီး ရှီ မရှိတဲ့အခိုက်မှာ ဗဟိုစစ်ကော်မရှင်အစည်းအဝေးကို လျှို့ဝှက်ဦးဆောင်ပြုလုပ်ခဲ့တယ်လို့ ဂျပန်သတင်းဌာန Japan forward ရေးသားခဲ့တယ်။ ရှီကျင့်ဖျင် ပျောက်ဆုံးနေစဉ်အတောအတွင်း နိုင်ငံရေးဆွေးနွေးပွဲတွေမှာ ပေါ်ထွက်လာသူတဦးက ပြုပြင်ပြောင်းလဲရေးသမား Wang Yang လို့ ဆိုတယ်။ ရှီ ရဲ့ သစ္စာခံ Zheng Yanshi ဖယ်ရှားခံရမှုမှာ သူ့ရဲ့ ဩဇာမကင်းဘူးလို့ ဆိုတယ်။ ထောက်လှမ်းရေးအခြေပြုသတင်းတွေအရ Wang ဟာ ရှီရဲ့ အရိုက်အရာကို ဆက်ခံဖို့ မွေးထားသူဖြစ်ပြီး သဘောထားတင်းမာတဲ့ အယူအဆရှိ ရှီနဲ့မတူညီတဲ့ သဘောထားရှိသူဖြစ်တယ်။
တရုတ်နိုင်ငံရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေက သမ္မတ တဦးရဲ့သက်တမ်းကို ၂ ကြိမ် ကန့်သတ်ပေးထားတယ်။ ဒါကို ရှီကျင့်ဖျင်က ၂၀၁၈ ခုနှစ်မှာ ပယ်ဖျက်ပစ်လိုက်တယ်။ ရှီ ဟာ သမ္မတရာထူးအပြင် တရုတ်ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူးနဲ့ ဗဟို စစ်ကော်မရှင်ဥက္ကဋ္ဌ ရာထူးကိုပါ ရယူထားတယ်။ ၂၀၁၂ ခုနှစ်မှာ ဒီရာထူးတွေ စတင်ခဲ့ပြီး ၂၀၁၃ ခုနှစ်မှာ သမ္မတဖြစ်လာတယ်။ ၂၀၂၂ ခုနှစ်မှာ ပါတီအထွေထွေအတွင်းရေးမှူးအဖြစ် ထပ်မံရွေးချယ်ခံရပြီး ၂၀၂၃ ခုနှစ်မှာ တတိယသမ္မတသက်တမ်းကို စတင်ထမ်းဆောင်ခဲ့တယ်။ တရုတ်နိုင်ငံသမိုင်းမှာ ဒီလို သက်တော်ရှည်သမ္မတရာထူးရယူမှုဟာ မော်စီတုန်းနောက်ပိုင်း ပထမဆုံးဖြစ်တယ်။
လက်ရှိအချိန်မှာ ဗဟိုစစ်ကော်မရှင် ဒုတိယအကြီးအကဲ ဗိုလ်ချုပ် Zhang youxia က အာဏာလက်စောင်းအထက်ဆုံးဖြစ်လာတယ်။ သူဟာ ၂၀၂၃ ခုနှစ်မှာ ရှီ သမ္မတဖြစ်လာဖို့ ပံ့ပိုးကူညီခဲ့ပေမယ့် သူနဲ့ ရှီကြား ဆက်ဆံရေးဟာ ဆိုးရွားလာနေတယ်။ အဓိကစစ်ရေးဆုံးဖြတ်ချက်တွေကို သူတဦးတည်း လွတ်လွတ်လပ်လပ် ဆုံးဖြတ်လာတယ်။ သူဟာ ကျန်းမာရေးအကြောင်းပြချက်နဲ့ ဖယ်ရှားခံခဲ့ရတဲ့ သမ္မတဟောင်း ဟူကျင်တောင်းရဲ့ မဟာမိတ်ဖြစ်ပြီး ရှီ အလွန်မှာ ဆက်ခံဖို့ လျာထားတဲ့ ပြုပြင်ပြောင်းလဲရေးလိုလားသူ Wang Yang ကို ထောက်ခံသူလည်းဖြစ်တယ်။ ဒီသုံးသပ်ချက်က အိန္ဒိယသတင်းမီဒီယာ Bhaskar English ရဲ့ သုံးသပ်ချက်ဖြစ်ပြီး ဘယ်လောက်အထိ မှန်ကန်မှုရှိမယ်ဆိုတာ မသိနိုင်ပါဘူး။
သေချာတာတခုကတော့ တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ လူမြင်ကွင်းက နှစ်ပတ်ကျော်ကြာ ပျောက်ဆုံးနေပြီး အရေးကြီးတဲ့ ဘရာဇီးနိုင်ငံမှာ ကျင်းပနေတဲ့ BRICS ထိပ်သီးအစည်းအဝေးကိုပါ တက်ရောက်နိုင်ခြင်းမရှိလို့ သို့လော..သို့လော..နဲ့ ဝေဖန်သုံးသပ်မှုတွေ ထွက်ပေါ်နေတဲ့ အကြောင်းပါ။
CWM
Ref: Absence with significance : Why Xi Jinping is skipping BRICS for the first time, and what's at the stake. CNA.
Xi Jinping skips BRICS, disappears 14 days: Military shifts hint at Wang Yang succession; is China heading for a coup d'etat? -Bhaskarenglish.in