
တရုတ်နိုင်ငံအလယ်ပိုင်း ဟီနန်နဲ့ ဟူဘေး ပြည်နယ်တွေမှာ မကြာသေးမီရက်တွေအတွင်း မိုးသည်းလို့ ရေလွှမ်းနေတဲ့အတွက် ပိတ်မိနေတဲ့ ကားတွေ၊ လူနေအဆောက်အအုံတွေလို အန္တရာယ်ရှိတဲ့ နေရာတွေမှာ ပိတ်မိနေတဲ့ အရပ်သားတွေကို ကယ်တင်ဖို့ အချိန်မီတုံ့ပြန်ခဲ့ရပါတယ်။
ဟီနန်ပြည်နယ်၊ လူရှန်းမြို့နယ်က ကယ်ဆယ်ရေးဝန်ထမ်းတွေဟာ အင်္ဂါနေ့က ရေလွှမ်းနေတဲ့ တံတားပေါ် ကားဖြတ်မောင်းနေတုန်း မိုးသည်းလို့ ရေစီးနဲ့ မျောပါသွားတဲ့ ကားတစင်းပေါ်က ကားမောင်းသူကို ကယ်ခဲ့ရပါတယ်။
ကားထဲမှာ ပိတ်မိနေတဲ့ ယာဉ်မောင်းဆီကို ရောက်ဖို့ ရေလျှံရေကြီးနေတဲ့ မြစ်ကို ကြိုးနဲ့ဖြတ်ပြီး ကယ်ဆယ်ရေးသမားတွေက ဘေးကင်းရာဆီ ကယ်ထုတ်ခဲ့ရတာပါ။
ကံကောင်းတဲ့ ယာဉ်မောင်းဟာ မြစ်ကမ်းမှာ စောင့်နေတဲ့ ဆွေမျိုးတွေ၊ သူငယ်ချင်းတွေကို ပွေ့ဖက်ရင်း မျက်ရည်ဝဲနေခဲ့ပါတယ်။
ဟူဘေးပြည်နယ်၊ ရှန်းဖှုန့် ရွာသားတွေဟာ ရက်ပေါင်းများစွာ မိုးသည်းတဲ့ အကျိုးသက်ရောက်မှုကို ရင်ဆိုင်ဖို့ ရုန်းကန်နေကြရပါတယ်။
ပြည်နယ်အတွင်း အနိမ့်ပိုင်းဒေသက မူလတန်းကျောင်းတကျောင်း ဆိုးဆိုးရွားရွား ရေမြုပ်ခဲ့ပြီး ရေတမီတာထက်မနည်း တက်နေတဲ့ ရေထဲမှာ ကျောင်းအဆောက်အအုံတွေအတွင်း လူ ၂၀ ကျော် ပိတ်မိနေခဲ့ပါတယ်။
ရာဘာလေမှုတ်လှေတွေနဲ့ ကယ်ဆယ်ရေးလုပ်သားတွေက ပိတ်မိနေတဲ့ နေထိုင်သူတွေကို ဒုတိယထပ် လသာဆောင်ကနေ ဆင်းလာခိုင်းပြီး လုံခြုံတဲ့ နေရာတွေဆီ ရွှေ့ပြောင်းပေးခဲ့ပါတယ်။
ရှန်းဖှုန့်မြို့မှာ မိုးသည်းတာက ဗုဒ္ဓဟူးနေ့မှာ လျော့သွားခဲ့လို့ အင်္ဂါနေ့က ရာသီဥတု ဆိုးရွားတဲ့အတွက် နေရာရွှေ့ရတဲ့ လူပေါင်း ၁၈,၀၀၀ လောက် အိမ်ပြန်နိုင်ခဲ့ကြပါတယ်။
Source: Reuters