
အမေရိကန်၊ အိန္ဒိယ၊ ဂျပန်နဲ့ ဩစတြေးလျတို့က Quad အုပ်စုဖွဲ့ပြီး မြောက်ကိုရီးယားကို နျူကလီးယားလက်နက်ကင်းရှင်းရေးအပေါ် တင်းတင်းမာမာ တောင်းဆိုနေတာကို မြောက်ကိုရီးယားအစိုးရက ရှုတ်ချလိုက်ကြောင်း ဇူလိုင် ၄ ရက်မှာ နိုင်ငံပိုင်မီဒီယာ KCNA က ထုတ်ပြန်ပါတယ်။
“အမေရိကန်နဲ့ သူ့ရဲ့ လက်အောက်ခံ အင်အားတွေကနေ ကိုရီးယားဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံရဲ့ ရပ်တည်ချက်နဲ့ ကိုရီးယားကျွန်းဆွယ်ရဲ့ လက်ရှိအခြေအနေတွေကို တဖက်သတ် ပြောင်းလဲဖို့ ကြိုးပမ်းနေတာကို မြောက်ကိုရီးယားက လုံးဝသည်းခံမှာ မဟုတ်ဘူး” လို့ မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
သီးခြားထုတ်ပြန်ချက်တခုမှာလည်း အမေရိကန်ဟာ မြောက်ကိုရီးယားက ဆိုက်ဘာခြိမ်းခြောက်မှု ရှိတယ်လို့ လုပ်ကြံဖန်တီးခဲ့ကြောင်း သူ့ရဲ့ နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူကို ကိုးကားပြီး မြောက်ကိုရီးယားက ပြောပါတယ်။
အမေရိကန် တရားရေးဌာနဟာ ပြီးခဲ့တဲ့လက မြောက်ကိုရီးယားရဲ့ “အိုင်တီလုပ်သား” အစီအစဉ်ကို ပစ်မှတ်ထားပြီး ဖမ်းဆီးအရေးယူမှုတွေကို ကြေညာခဲ့ပါတယ်။
မြောက်ကိုရီးယားနိုင်ငံသားတွေဟာ အမေရိကန်ကုမ္ပဏီတွေမှာ အိုင်တီနဲ့ပတ်သက်တဲ့ နယ်ဝေးရာထူးတွေကို ရယူပြီး ကမ္ဘာတဝန်းရှိ ကုမ္ပဏီများစွာထံက ငွေကြေးနဲ့ အချက်အလက်တွေကို ခိုးယူဖို့ အသုံးပြုကြတယ်လို့လည်း ဆိုထားပါတယ်။
Source: Reuters