
အမေရိကန် နိုင်ငံခြားရေး၀န်ကြီး မာကို ရူဘီအိုက ဩစတြေးလျ၊ အိန္ဒိယနဲ့ ဂျပန် နိုင်ငံခြားရေးဝန်ကြီးတွေကို ဇူလိုင် ၁ ရက်က လက်ခံတွေ့ဆုံခဲ့ပါတယ်။
ကုန်သွယ်ရေးနဲ့ ဆက်ဆံရေးမှာ ထိရှစေနိုင်တဲ့ တခြား သဘောကွဲလွဲချက်တွေ ရှိတဲ့ကြားက တရုတ်နိုင်ငံကို တန်ပြန်ဖို့ ကြိုးပမ်းချက်တွေကို မြှင့်တင်ဖို့ ကြိုးစားနေတာပါ။
ရူဘီအိုက ဂျပန်နိုင်ငံက တာ့ခဲရှိ အိဝါ့ယာ့၊ အိန္ဒိယက ဆူဘရာမန်ယမ် ဂျိုင်ရှန်ကာနဲ့ ဩစတြေးလျနိုင်ငံက ပင်နီဝေါင်တို့နဲ့လည်း သီးခြားစီ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
Quad လို့ သိကြတဲ့ ၄ နိုင်ငံဟာ တရုတ်က အင်အားကြီးထွားလာတာနဲ့ ပတ်သက်ပြီး စိုးရိမ်နေပေမဲ့ သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ ကမ္ဘာလုံးဆိုင်ရာ အကောက်ခွန် ထိုးစစ်ကြောင့် ဆက်ဆံရေးမှာ တင်းမာနေခဲ့တာပါ။
အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး စူဘရာမန်ယမ် ဂျိုင်ရှန်ကာ ကတော့ ဒီတွေ့ဆုံမှုက အလွန်အကျိုးဖြစ်ထွန်းတယ်လို့ ပြောပါတယ်။
ဒီနေ့စုဝေးမှုဟာ အင်ဒို-ပစိဖိတ်ဒေသတွင်း မဟာဗျူဟာတည်ငြိမ်မှုကို အားကောင်းစေပြီး လွတ်လပ်ပွင့်လင်းစွာ ထိန်းသိမ်းနိုင်လိမ့်မယ်လို့ X လူမှုကွန်ရက်ပေါ်မှာ သူက ပို့စ်တင် ပြောကြားခဲ့ပါတယ်။
ထရမ့်ပ်ဟာ မကြာသေးမီက အစ္စရေး-အီရန် ပဋိပက္ခ အပါအဝင် တခြားနေရာတွေမှာ ပြဿနာတွေနဲ့ အာရုံလွှဲနေပြီးတဲ့နောက် အမေရိကန်အတွက် အဓိကစိန်ခေါ်မှုအဖြစ် ရှုမြင်တဲ့ ဒေသအပေါ် ပြန်အာရုံစိုက်ဖို့ အခွင့်အလမ်းကို ပေးတဲ့ ဆွေးနွေးပွဲလည်း ဖြစ်ပါတယ်။
အခုနှစ် နှောင်းပိုင်း အိန္ဒိယနိုင်ငံမှာ ခေါင်းဆောင်တွေရဲ့ ထိပ်သီးအစည်းအဝေးအတွက် ပြင်ဆင်ဖို့ Quad က ပုံမှန်တွေ့ဆုံသွားမယ်လို့လည်း ပြောကြားခဲ့ပါတယ်။
Source: Reuters