ရှမ်းပြည်နယ်မြောက်ပိုင်း၊ တရုတ်-မြန်မာ နယ်စပ်၊ ကျင်စန်းကျော့မှာ ဇူလိုင် ၂ ရက် ညကနေ ဇူလိုင် ၃ ရက်အထိ မိုးအဆက်မပြတ် သည်းထန်စွာရွာပြီး ရေကြီးလာကြောင်း ဒေသခံတွေဆီက သိရပါတယ်။
လူငယ်တယောက်က “နေ့ည တညလုံး မိုးရွာလို့ ကားတွေတောင် ရေတဝက်လောက်ထိ မြုပ်လာတယ်” လို့ ပြောပါတယ်။
တရုတ်အစပ်နားက ရေမြောင်းကြီးနားမှာ တရုတ်နိုင်ငံဘက်ခြမ်းက တံတားလုပ်ရာမှာ ရေတားပြီး လုပ်နေတာကြောင့် ရေလျှံတက်လာတယ်လို့ ယူဆရကြောင်း သူက ပြောပါတယ်။
“တရုတ်တွေ ရေဖွင့်ချလိုက်တာလို့ သိရတယ်။ ကျင်းစန်းကျော့။ ဟိုဘက်ကမ်းက တရုတ်နိုင်ငံပါ။ ဒီဘက်ခြမ်းတော့ မြန်မာနိုင်ငံပါ။ ရေကြီးနေတယ်။ နည်းနည်းတော့ ပြန်လျော့လာပြီ။ ဒီမှာ ကားလမ်းမကြီး ဟုတ်တယ်။ ကားလမ်းတောင် မမြင်ရတော့ဘူး။”
နောက်ထပ် ဒေသခံတယောက်ကလည်း “KTV တွေတောင် ပိတ်ကုန်ပြီ။ အုပ်ချုပ်ရေးရုံးရှေ့မှာတောင် ရေတွေ ဝင်နေကုန်ပြီ။ ရေတွေ ချိုင်းထိတောင် ရောက်လာတယ်။ အောက်ဘက်တော့ ဆီဆိုင်ဘက်လည်း ရေမြုပ်ပြီထင်တယ်” လို့ ပြောပါတယ်။
အုပ်ချုပ်ရေးရုံးနားက တော်တော်မြင့်တဲ့ နေရာတောင် ရေနီးလာပြီဖြစ်ပြီး ခေါက်ဆွဲဆိုင်တွေ အားလုံးလည်း ရေမြုပ်သွားကာ တချို့နေရာမှာလည်း ခါးထိတောင် ရေရောက်နေပြီလို့ သူက ပြောပါတယ်။
ဝမ်တိန်ဘက်ခြမ်းမှာလည်း တောင်ကျရေတွေ ဆင်းလာရင် ရေတွေကြီးပြီး လျှံတက်လာသလို မြန်မာနိုင်ငံဘက်ခြမ်း ကျင်စန်းကျော့ဘက်လည်း မိုးရွာရင် ရေတွေတိုးလာတယ်လို့ ဝမ်တိန်ဒေသခံ အမျိုးသမီးတယောက်က ပြောပါတယ်။
၂၀၂၃ ခုနှစ် နိုဝင်ဘာ ၂၅ ရက်မှာ MNDAA နဲ့ ညီနောင်မဟာမိတ်တပ်ဖွဲ့က တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီးနောက် ၂၀၂၄ နိုဝင်ဘာ ၂၁ ရက်ကစပြီး ကျင်စန်းကျော့ နယ်စပ်ဂိတ်ကို တရုတ်ဘက်က ပြန်လည်ဖွင့်လှစ် ကုန်သွယ်ခွင့်ပြုလိုက်တာ ဖြစ်ပါတယ်။
ကျင်စန်းကျော့ နယ်စပ်ဂိတ်က မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံရဲ့ အဓိက ကုန်သွယ်ရာ နယ်စပ်ဂိတ်တခု ဖြစ်ပြီး မြောက်ပိုင်းညီနောင်ရဲ့ ၁၀၂၇ စစ်ဆင်ရေးမတိုင်ခင် တရက်ကို ပျမ်းမျှ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၃ သန်းဝန်းကျင် ကုန်သွယ်မှုပြုတဲ့ နယ်စပ်ဂိတ်ဖြစ်ကြောင်း ကုန်သည် လုပ်ငန်းရှင်တွေဆီက သိရပါတယ်။