မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ဝေါရွာသစ်ကျေးရွာကို စစ်ကောင်စီတပ်က ဇူလိုင် ၃ ရက် ညနေ ၃ လောက်မှာ လေကြောင်းအပါအဝင် မြေပြင်ကပါ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်လို့ ကလေးငယ်အပါအဝင် ၂ ဦးသေဆုံးပြီး၊ နို့စို့အရွယ်ကလေးအပါအဝင် ၁၇ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- မန္တလေး (MDYPDF) က ထုတ်ပြန်ထားပါတယ်။
ဝေါရွာသစ်ကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က အကြောင်းမဲ့လေကြောင်းကနေ ဗုံးကြဲပြီး မြေပြင်ကပါ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်တာလို့ သိရပါတယ်။
မတ္တရာမြို့နယ် စကျင်ကျေးရွာသားတဦးက “လေယာဉ်နဲ့က ကလေးတဦးသေဆုံးတယ်။ နို့စို့အရွယ် ကလေးငယ်တဦး အပါအဝင် စုစုပေါင်း ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်။ အဲလို လေကြောင်းတိုက်ခိုက်ပြီး ညနေ ၄ နာရီအချိန်ရောက်တော့လည်း မတ္တရာမြို့ပေါ်ကနေ ဝေါရွာသစ်ကျေးရွာဘက်ကို လက်နက်ကြီးတွေနဲ့ ရမ်းသမ်ေပစ်ခတ်တိုက်ခိုက်ခဲ့သေးတယ်ဗျ။ လက်နက်ကြီးနဲ့ တိုက်ခိုက်လို့ အသက် ၇၅ နှစ်အရွယ် အမျိုးသားတဦး သေဆုံးပြီး၊ ၁၀ ဦးဝန်းကျင်ခန့် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်” လို့ ပြောပါတယ်။
စစ်တပ်က လေယာဉ်အပါအဝင် လက်နက်ကြီးနဲ့ ဗုံးကြဲပစ်ခတ်တဲ့နေရာဟာ စကျင်ကျေးရွာမှာ စစ်ရှောင်တွေနေထိုင်ရာ စစ်ရှောင်စခန်းဖြစ်တယ်လို့ သိရပါတယ်။
မတ္တရာမြို့နယ်ပြည်သူ့ကာကွယ်ရေးခေါင်ဆာင်တဦးဖြစ်တဲ့ ကိုတိုးကြီးက “ဟုတ်တယ် ဘာတိုက်ပွဲမှမရှိဘဲ လုပ်တာ။ စစ်ကောင်စီတပ်ကတော့ သူတို့ထင်ရာလုပ်နေတာဗျ။ စကျင်ရွာက ပြည်သူတွေဆိုရင် စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ရွာထဲမှာ ရွာသားအားလုံးနီးပါး မနေရဲကြဘဲ ရွာအပြင်ထွက်ကြရတာ။ အဲဒါကို အခုလို ထပ်ထုနေတာပါ” လို့ DVB ကို ပြောပါတယ်။