မန္တလေးတိုင်း၊ စဉ့်ကူးမြို့ပေါ်က ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရုံးကို ဇွန် ၂၉ ရက် ည ၁၀ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ရုံးအဆောက်အအုံတွေ ပျက်စီးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ကင်းထောက်မြေပြင်သတင်းမှန်ပြန်ကြားရေး (စဥ့်ကူး) ရဲ့ တာဝန်ရှိသူတယောက်က “သူတို့ထောက်ခံတဲ့ ကြံ့ဖွံ့ပါတီရုံးကို စစ်တပ်လေယာဥ်ကပဲ ပြန်ဗုံးကြဲသွားတာ။ ရုံးပေါ်တည့်တည့် မကျပေမဲ့ ရုံးအဆောက်အအုံတခုတော့ ထိခိုက်ပျက်စီးသွားတယ်။ ပြည်သူထိခိုက်မှုတော့ မရှိပါဘူး” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ အခုရက်ပိုင်းမှာ စဥ့်ကူးမြို့နယ်ထဲကို လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက် လုပ်ဆောင်နေတယ်လို့လည်း ဆိုပါတယ်။
စဥ့်ကူးမြို့နယ် ပကဖ ပြန်ကြားရေးတာဝန်ခံ ကိုသံမဏိက “အဲဒီ ကြံ့ဖွံ့ရုံးကို ဗုံးကြဲသွားတာက တံတားဦးလေတပ်ကနေ တက်လာတဲ့ MIG 29 ဂျက်ဖိုက်တာ လေယာဥ်ပါ။ မြို့ပေါ်မှာ တိုက်ပွဲဖြစ်တာ မရှိပါဘူး။ မှားကြဲတာလား၊ အတည်ကြဲတာလား ဆိုတာတော့ အဲဒီလေယာဥ်မှူးပဲ သိမှာပါဗျ” လို့ DVB ကို ပြောပါတယ်။
ပြည်သူတွေအနေနဲ့လည်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းရန်ကို ကာကွယ်နိုင်ဖို့ ဗုံးခိုကျင်းတွေကို မဖြစ်မနေ တူးထားကြဖို့နဲ့ လေကြောင်းရန်ကာကွယ်ရေး အစီအမံတွေကို ကြိုတင်ပြုလုပ်ထားကြဖို့ ပကဖက တိုက်တွန်းထားပါတယ်။
ဇွန် ၂၉ ရက် ည ၁၂ နာရီဝန်းကျင်ကလည်း စစ်ကောင်စီတပ်ဟာ စဉ့်ကူးမြို့နယ်ထဲက လက်ပန်လှကျေးရွာကို လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အမျိုးသမီးတယောက် သေဆုံးခဲ့သလို လူနေအိမ် ၃ လုံးလည်း ထိခိုက်ပျက်စီးခဲ့ပါသေးတယ်။