
စစ်မှုထမ်းကိစ္စ လူစားထိုးတာနဲ့ ငွေကြေးတောင်းခံမှုတွေရှိရင် တိုင်ကြားနိုင်ပြီး မှန်ကန်ပါက အရေးယူ ဆောင်ရွက်သွားမှာဖြစ်တယ်လို့ စစ်ကောင်စီလက်အောက်ခံ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးမောင်မောင်အေးက ပြောပါတယ်။
နေပြည်တော်ရှိ ကာကွယ်ရေးဝန်ကြီးဌာနရုံးမှာ ဇူလိုင် ၃ ရက်က ပြုလုပ်တဲ့ ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေး ဗဟိုအဖွဲ့ အစည်းအဝေးမှာ ဗိုလ်ချုပ်ကြီးမောင်မောင်အေးက ပြောဆိုခဲ့တာပါ။
ပြည်သူနဲ့ တိုက်ရိုက်ထိတွေ့ဆက်ဆံရတဲ့ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့တွေ အနေနဲ့ လူမှုဆက်ဆံရေး ကောင်းမွန်စေရေး၊ ငွေကြေးမသမာမှုမရှိစေရေး၊ အဂတိမှု မဖြစ်ပေါ်စေရေးအတွက် ဆောင်ရွက်နေပြီး လူစားထိုး၊ ငွေကြေးတောင်းခံတာတွေရှိရင် တိုင်ကြားနိုင်ကာ စစ်ဆေးအရေးယူမယ်လို့ ပြောခဲ့တာပါ။
စစ်မှုထမ်းအပတ်စဥ် ၈၊ ၉၊ ၁၀ မှာ ရန်ကုန်က မြို့နယ်အချို့မှာ ပေါ်တာဆွဲဖမ်းဆီးခံရသူတွေ ရှိပြီး မိဘတွေကိုယ်တိုင် တိုင်ကြားခဲ့ပေမဲ့ စစ်တပ်က မဖြေရှင်းပေးဘဲ သင်တန်းကို ပြီးအောင်သာ တက်ခိုင်းပြီး စစ်မှုထမ်းခိုင်းခဲ့တယ်လို့ မြောက်ဥက္ကလာပမြို့နယ်မှ တိုင်ကြားခဲ့သူတယောက်က ပြောပါတယ်။
“အပတ်စဥ် ၈ တုန်းက အိမ်ကတူလေး ထောက်ကြန့်လမ်းဆုံမှာ အဖမ်းခံရတယ်။ စစ်တပ်က အချိတ်အဆက်နဲ့ လိုက်ရှာတာ။ ကလေးကို နေပြည်တော်မှာ သွားတွေ့တယ်။ မိုးစွေ တကက ၂ မှာ တိုင်စာနဲ့ရော လူကိုယ်တိုင်ရော ပြောပြတယ်၊ မရဘူး။ နောက်ဆုံး စစ်မှုထမ်းလိုက်ရတယ်။ ပါးစပ်ကပဲပြောတာ မဖြေရှင်းပေးဘူး။”
တိုင်ကြားရာမှာ စစ်ကောင်စီ ဝါဒဖြန့်သတင်းစာတွေမှာ ဖော်ပြထားတဲ့ ဖုန်းနံပါတ်တွေက ဆက်သွယ်မရဘဲ စာနဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဆီ လိပ်မူတိုင်ကြားခဲ့ပေမဲ့ ပြန်ကြားတာ မရှိဘူးလို့ လှည်းကူးမြို့ခံက ပြောပါတယ်။
“တိုင်လို့ရတယ် ဆိုတာ အပိုပြောတာ။ သတင်းစာထဲမှာ ကြေညာထားတဲ့ ဖုန်းနံပါတ်တွေဆက်ကြည့် တလုံးမှ မကိုင်ဘူး၊ စာနဲ့ရေးတိုင်လည်း အရေးမယူဘူး။ ပေါ်တာစပြီးဆွဲခံရကတည်းက တိုင်တာ။ သင်တန်းဆင်းပြီး ရှေတန်းပို့လို့ သေသာသွားတယ် မဖြေရှင်းဘူး။”
ဒီလိုပြဿနာတွေ တက်နေတာကြောင့် တိုင်းအစိုးရအဖွဲ့အနေနဲ့ စစ်မှုထမ်းဆင့်ခေါ်ရာမှာ အဂတိမှုမရှိစေရေးအတွက် ကြပ်မတ်ရမှာဖြစ်သလို စစ်မှုထမ်းဖို့အတွက် ရောက်လာသူတွေကိုလည်း တိုင်းစစ်ဌာနချုပ်က သေချာစိစစ်ဖို့ လိုအပ်တယ်လို့ အစည်းအဝေးမှာ (ကြည်း၊ ရေ၊ လေ) ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး ကျော်စွာလင်းက ညွှန်ကြားပါတယ်။
စစ်မှုထမ်းအပတ်စဥ် ၁ ကနေ အပတ်စဥ် ၁၄ အတွင်း ရွှေဘိုမြို့နယ်မှ ရဲမှူး သန်းဇော်၊ အကြီးတန်းစာရေး ကျော်ခိုင်လတ်၊ အငယ်တန်းစာရေး သူရိန်ညွန့်နဲ့ ကွမ်းခြံကုန်းမြို့နယ်၊ တိုက်ကြီး ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်ထွန်း စုစုပေါင်း ၄ ယောက်ကိုသာ စစ်ကောင်စီဘက်က အရေးယူခဲ့ပါတယ်။
လူတိုင်း မဖြစ်မနေ စစ်မှုထမ်းရမယ့် ဥပဒေကို စစ်ခေါင်းဆောင်က ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်မှာ ပြန်အသက်အသွင်းပြီး မတ် ၂၈ ရက်က စတင်သင်တန်းပေးခဲ့ရာ အခုဆို အပတ်စဥ် ၁၅ အထိ ရောက်လာပြီ ဖြစ်ပါတယ်။