
အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေဟာ တော်လှန်ရေးတပ်တွေ တနှစ်ကျော်ကြာ ထိန်းချုပ်ထားတဲ့ ရှမ်း-ကရင်နီနယ်စပ်ရှိ မိုးဗြဲမြို့ကို ပြန်လည်ထိန်းချုပ်လိုက်ပါတယ်။
မိုးဗြဲမြို့ကို စစ်ကောင်စီတပ်က ဇူလိုင် ၂ ရက်နေ့မှာ အင်အားအလုံးအရင်းနဲ့ တက်လာတဲ့အတွက် မိုးဗြဲမြို့ကို လက်လွှတ်လိုက်ရတယ်လို့ ရှေ့တန်းစစ်သတင်းအရင်းအမြစ်တွေက DVB ကို အတည်ပြုပါတယ်။
မိုးဗြဲလမ်းမကြီးကို ပြန်ရဖို့အတွက် စစ်ကောင်စီတပ်တွေဟာ ၂၀၂၄ ခုနှစ် နိုဝင်ဘာထဲက ကြိုးစားနေတာဖြစ်ပြီး မြေပြင်စစ်ကြောင်းတင်မကဘဲ လက်နက်ကြီးပစ်ကူ၊ လေကြောင်းပစ်ကူတွေအပြင် ဒရုန်းနဲ့ မီးလောင်ဗုံးတွေပါ အသုံးပြုပြီး ထိုးစစ်ဆင်နေတာပါ။
လက်ရှိ တော်လှန်တပ်ပေါင်းစုတွေနဲ့ တိုက်ပွဲတွေ ပြင်းထန်နေတဲ့အတွက် မိုးဗြဲမြို့ လမ်းမကြီးကို အရပ်သားများ လုံးဝဖြတ်သန်းသွားလာခြင်း မပြုလုပ်ဖို့နဲ့ ဒေသခံပြည်သူတွေအနေနဲ့ စစ်ရေးသတိနဲ့ နေထိုင်သွားလာကြဖို့ ဆိုပြီး တော်လှန်ရေးတပ်ပေါင်းစုဘက်က အသိပေး ထုတ်ပြန်ထားပါတယ်။
စစ်ရေးသတင်းအရင်းမြစ်တယောက်က “မနေ့က မိုးဗြဲ ပြန်ပေးလိုက်ရပြီ။ ဒီတခေါက် စစ်ကြောင်းထိုးလာတာ အင်အားတော်တော်များတယ်။ လက်နက်ကြီးကလည်း ရှယ်ထုနဲ့ဆိုတော့ ပြန်ဆုတ်လိုက်တာ” လို့ ပြောပါတယ်။
တဖက်မှာ မိုးဗြဲမြို့ကို ပြန်ပေးလိုက်ရတဲ့ အချိန်မှာပဲ တော်လှန်ရေးတပ်ပေါင်းစုတွေဟာ ဖားဆောင်း မြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီလက်အောက်ခံ ခမရ ၁၃၄ ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။
ဖားဆောင်းမြို့ထဲမှာ ဖားဆောင်းအခြေစိုက် ခမရ ၁၃၄ နဲ့ ၁၃၅ တပ်ရင်းနှစ်ရင်း ကျန်နေတာဖြစ်ပြီး ပြီးခဲ့နှစ် ဖေဖော်ဝါရီလထဲက တက်သိမ်းဖို့ တော်လှန်ရေးတပ်ပေါင်းစုဘက်က ကြိုးစားနေတာပဲ ဖြစ်ပါတယ်။
စစ်ရေးသတင်းအရင်းမြစ်တယောက်က “ဖားဆောင်းက အကုန်လုံးမရသေးဘူး။ ကျနော်တို့ အခုရလိုက်တာက အပေါ် တပ်ရင်း။ အောက်တပ်ရင်း ကျန်သေးတယ်။ ၁၃၅ ကျန်ဦးမှာ၊ အခု ကျနော်တို့ရတာက ၁၃၄” လို့ ပြောပါတယ်။
မိုးဗြဲမြို့ဟာ စစ်ရေးအရ အရေးပါတဲ့မြို့ ဖြစ်တဲ့အတွက် မိုးဗြဲတိုက်ပွဲကို ပြည်သူတွေအနေနဲ့ အားစိုက်ပါဝင် ကူညီပေးကြဖို့ကိုလည်း တော်လှန်ရေးတပ်ပေါင်းစုဘက်က တောင်းဆိုထားကြပါတယ်။
လက်ရှိ မိုးဗြဲ၊ ဖားဆောင်းနဲ့ ဖယ်ခုံအင်း အရှေ့ဘက်ခြမ်းတွေမှာ နေ့စဥ် တိုက်ပွဲတွေ ပြင်းထန်နေသလို ဒေသခံအများစု စစ်ရှောင်နေရတဲ့ ဒီးမော့ဆိုမြို့ကိုလည်း စစ်ကောင်စီဘက်က လေကြောင်းနဲ့ တိုက်ခိုက်တာတွေ၊ ဒရုန်းနဲ့ ဗုံးကြဲတာတွေ ဆက်တိုက်ပြုလုပ်နေပါတယ်။
မောရစ်