
ကိုလံဘီယာအလယ်ပိုင်းမှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဂွါယူရိဘာနဲ့ အိုကွားမြစ်တွေ ရေပြည့်လျှံပြီး ဇူလိုင် ၁ ရက် အစောပိုင်းက ဗီယာဗီဆန့်စီယိုမြို့မှာ ရေကြီးရေလျှံမှုတွေနဲ့ မြေပြိုမှုတွေ ဖြစ်ပွားခဲ့ကာ လူတယောက် သေဆုံးခဲ့ကြောင်း အမျိုးသား ဘေးအန္တရာယ် စီမံခန့်ခွဲမှုဌာန ဒါရိုက်တာ ကားလို့စ်ကာရီယိုက ပြောပါတယ်။
မြို့တွင်းမှာ ရေလွှမ်းမိုးမှုဖြစ်ပွားရာ နေရာ ၁၈ ခုကို ပြည်နယ်အစိုးရက ဖော်ထုတ်ခဲ့ပြီး အသက် ၆၉ နှစ်အရွယ် အမျိုးသားတယောက် သေဆုံးခဲ့တယ်လို့လည်း ဆိုပါတယ်။
အစီရင်ခံစာအရ နံရံတွေ၊ တံတားတွေနဲ့ လမ်းပျက်စီးမှုတွေ ပါဝင်ပြီး အခုချိန်အထိ မြေပြိုမှု ၁၀ ကြိမ် ဖြစ်ပွားခဲ့ကြောင်းလည်း သိရပါတယ်။
မနက် ၅ နာရီလောက်မှာ ရေတွေ စ တက်တာပဲလို့ ရေလွှမ်းမိုးမှုဒဏ်ခံရတဲ့ ဒေသခံ ဒန်နီယဲလာ ဂွန်ဇာလက်ဇ်က ပြောပါတယ်။
ရေတွေက ကားတွေအားလုံးကို ဆွဲယူသွားပြီး နံရံတွေလည်း ပြိုကျကုန်တယ်လို့ ဆိုပါတယ်။
မော်တော်ကားတွေရော၊ မော်တော်ဆိုင်ကယ်တွေပါ ရေနဲ့ပါသွားပြီး အားလုံးပျက်စီးကုန်ပြီ လို့လည်း ဆိုပါတယ်။
အခုတော့ လူတွေကို ရေနစ်နေတဲ့အိမ်ထဲကနေ၊ ရွှံ့တွေထဲကနေ ကူညီဆွဲထုတ်ပေးနေတယ်လို့ ပြောပါတယ်။
ဗီယာဗီဆန့်စီယိုမြို့ရဲ့ လမ်းမတခုမှာ မီးတောင်အပေါက်ဝလို တွင်းကြီးတခု ပေါ်လာခဲ့ပြီး နေအိမ်တွေ ဆိုးဆိုးရွားရွား ထိခိုက်ခဲ့ကာ ဒေသခံတွေ အပျက်အစီးတွေနဲ့ ကြုံနေရပါတယ်။
ရေကြီးမှုကြောင့် မြို့တွင်း သွားရေးလာရေး အနှောင့်အယှက်ဖြစ်ပြီး ဗီယာဗီဆန့်စီယိုမြို့နဲ့ ဘိုဂို့တာမြို့တို့ကို ဆက်သွယ်ထားတဲ့ အဓိကလမ်းမကြီးကို ယာယီပိတ်ထားရတဲ့အပြင် ဒေသတွင်း သောက်သုံးရေဖြန့်ဖြူးရေးကိုပါ ရပ်ဆိုင်းထားရတယ်လို့ အာကွေဒူးတို ရေကုမ္ပဏီက ပြောပါတယ်။
Source: Reuters