
မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်ကောင်စီတပ်အတွက် ရိက္ခာနဲ့ ဆီတွေ တင်ဆောင်လာတဲ့ မော်တော်ယာဥ်နဲ့အတူ ကားသမား ၂ ယောက်ကို ဇူလိုင် ၂ ရက် မနက် ၉ နာရီဝန်းကျင်က ဖမ်းဆီးရမိခဲ့တယ်လို့ ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီကနေ သိရပါတယ်။
ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံက “ပခုက္ကူ-ရေစကြို ကားလမ်းပိုင်း တနေရာမှာ လမ်းပိုင်းလုံခြုံရေး ဆောင်ရွက်နေချိန် ပခုက္ကူ တပ်မ ၁၀၁ ကနေ ရေစကြိုမြို့ ခလရ ၂၅၆ ကိုပို့မယ့် ရိက္ခာတွေနဲ့ စက်သုံးဆီတွေ တင်လာတဲ့ 4G-4567 မှန်လုံခရီးသည်တင်ယာဥ် ဖမ်းဆီးနိုင်ခဲ့တာ ဖြစ်ပါတယ်ဗျ” လို့ ပြောပါတယ်။
အဆိုပါ မော်တော်ယာဥ်ပေါ်မှာ စစ်ကောင်စီတပ်ရဲ့ ဆန် ၃၀ အိတ်၊ စားဆီ ၁၄ ပုံး၊ စက်သုံးဆီ ၇ ပုံး၊ ဆား ၁ အိတ်၊ ဟင်းချိုမှုန့်၁ အိတ်တို့ကို မျှောစာနဲ့အတူ ဖမ်းဆီးရရှိခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံ ကိုဝေကြီးက “အဲဒီကားပေါ်က ခရီးသည်တွေကိုတော့ တခြားကားတွေနဲ့ ပြောင်းတင်ပေးလိုက်ပါတယ်။ ကားနဲ့ ကားပေါ်ပါလာတဲ့ ယာဥ်တာဝန်ရှိသူ ၂ ယောက်ကိုတော့ ဖမ်းဆီးထားပြီးတော့ စစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေပါတယ်။ သူတို့အနေနဲ့ ဇွတ်အတင်းတင်လို့ တင်လာတာလား၊ သူတို့က လိုလိုချင်ချင်နဲ့ ကားခလိုချင်လို့ တင်လာတာလား။ အဲဒီကားပိုင်ရှင်နဲ့ စစ်တပ်ကကော ပတ်သက်မှုရှိသလား ဆိုတာတွေကို သေချာစစ်ဆေးရပါတယ်။ အရေးယူတာနဲ့ ပြန်လွှတ်တာတွေကတော့ စစ်ဆေးပေါ်ပေါက်ချက်တွေပေါ်မှာ မူတည်မှာပေါ့။ ဒီဘက်လမ်းပိုင်းမှာက အခုလိုဖြစ်စဥ်တွေ မကြာခဏ ကြုံနေတာမို့လို့ပါ” လို့ DVB ကို ပြောပါတယ်။
ရေစကြို ပကဖနဲ့ ပူးပေါင်းတပ်ဖွဲ့တွေဟာ ရေစကြိုမြို့ပေါ်ကလွဲပြီး ရေစကြိုမြို့နယ်ထဲက နေရာအများစုအပြင် ကားလမ်းပိုင်းတွေကိုလည်း စိုးမိုးထိန်းချုပ်ထားနိုင်တဲ့ အနေအထားအထိ ရရှိနေပြီလို့လည်း သူက ဆက်ပြောပါတယ်။
ရေစကြိုမြို့နယ်အတွင်းမှာ စစ်ကောင်စီ စစ်ကြောင်းထိုးတာတွေ ရှိနေပြီး တိုက်ပွဲဖြစ်ပွားတာ မရှိပေမဲ့ စစ်ရေးအခြေအနေ တင်းမာနေတယ်လို့လည်း ရေစကြိုအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။