
ကရင်ပြည်နယ်၊ မြဝတီမြို့မှာရှိတဲ့ အမှတ် ၂၇၅ ခြေလျင်တပ်ရင်းကို စစ်သားသစ် စုဆောင်းခံရပြီး ရောက်ရှိလာတဲ့ ရဲဘော်သစ် ၂ ယောက်နဲ့ ၂၇၅ တပ်ရင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ယောက် ဇွန် ၇ နေ့က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဗျူဟာ ၃၁ လုံခြုံရေးတပ်ဖွဲ့ကို ပူးပေါင်းဝင်ရောက်လာတယ်လို့ သိရပါတယ်။
ပူးပေါင်းဖို့ ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ယောက်ကို ဆုကြေးငွေ ၅ သိန်းကျပ်ဆီ ချီးမြှင့်ပေးခဲ့တယ်လို့ ဗျူဟာ ၃၁ လုံခြုံရေးတပ်ဖွဲ့ဝင်တယောက်က ပြောပါတယ်။
“ပေါ်တာဆွဲခံရပြီး စစ်သားသစ် စုဆောင်းခံရကာ ၂၇၅ တပ်ကို ရောက်လာတဲ့ စစ်သားသစ် ၂ ယောက်နဲ့ ၂၇၅ တပ်က ၁ ယောက်၊ စုစုပေါင်း ၃ ယောက် ဝင်လာတာ သူတို့ကို လိုအပ်တာတွေ လုပ်ပေးပြီး ဆုငွေ တယောက် ၅ သိန်းကျပ် ထောက်ပံ့ပေးထားတယ်။ စစ်တပ်ကတော့ အင်အားချည့်နဲ့လာတာနဲ့အမျှ ပြည်သူတွေကို ရတဲ့နည်းနဲ့ စစ်တပ်ထဲ ထည့်ဖို့ လုပ်နေတာပဲ။ သူတို့ စုဆောင်းခံရလို့ပဲ ဖြစ်ဖြစ်၊ ပေါ်တာအဆွဲခံရလို့ပဲ ဖြစ်ဖြစ်၊ နီးစပ်ရာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ပူးပေါင်းပို့တော့ လိုတယ်။ တော်လှန်ရေးတပ်ဖွဲ့တွေကလည်း ခုအချိန်ထိ လာရောက်ပူးပေါင်းတဲ့သူတွေကို ကြိုဆိုနေတာပဲ။”
မြဝတီမြို့မှာရှိတဲ့ အမှတ် ၂၇၅ ခြေလျင်တပ်ရင်းကို ၂၀၂၄ ခုနှစ် ဧပြီ ၁၅ ရက်က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်သိမ်းပိုက်ခဲ့ပြီး ရက်အနည်းငယ်မှာပဲ စစ်ကောင်စီတပ်ဖွဲ့တွေက ပြန်လည်ရယူသွားပြီးနောက် စစ်သား အင်အားအများအပြား ဖြည့်တင်းထားပြီး ၂၇၅ တပ်အနီးအနားမှာ လုံခြုံရေးတွေ တင်းကျပ်ချထားတယ်လို့ မြဝတီမြို့ဒေသခံတွေဆီကနေ သိရပါတယ်။