
သြစတြေးလျနိုင်ငံရဲ့ အကြီးဆုံးလေကြောင်းလိုင်းဖြစ်တဲ့ ကွမ်တာ့စ် လေကြောင်းလိုင်းက ဖောက်သည် ၆ သန်းလောက်ရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေရှိတဲ့ ဒေတာဘေ့စ်ထဲကို ဆိုက်ဘာဟက်ကာတယောက်က ဖောက်ထွင်းဝင်ရောက်ခဲ့ကြောင်း ကွမ်တာ့စ်လေကြောင်းက ဇူလိုင် ၂ ရက်မှာ ပြောကြားလိုက်ပါတယ်။
ဒါဟာ သြစတြေးလျမှာ နှစ်ပေါင်းများစွာအတွင်း အကြီးမားဆုံး ချိုးဖောက်မှုဖြစ်ပြီး ဂုဏ်သိက္ခာပိုင်းဆိုင်ရာ အကျပ်အတည်းပြီးနောက် လေကြောင်းလိုင်းအတွက် ယုံကြည်မှု ပြန်လည်တည်ဆောက်ရေးမှာ ဆုတ်ယုတ်မှုတခုလည်း ဖြစ်ပါတယ်။
ဟက်ကာဟာ ဖုန်းခေါ်ဆိုရေးစင်တာတခုကို ပစ်မှတ်ထားခဲ့ပြီး လူ ၆ သန်းရဲ့ နာမည်တွေ၊ အီးမေးလ်လိပ်စာတွေ၊ ဖုန်းနံပါတ်တွေ၊ မွေးနေ့တွေနဲ့ လေကြောင်းကြော်ငြာနံပါတ်တွေ ပါရှိတဲ့ ပြင်ပကုမ္ပဏီတခုရဲ့ ဖောက်သည်ဝန်ဆောင်မှု ပလက်ဖောင်းကို ဝင်ရောက်ခွင့်ရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
လေကြောင်းလိုင်းအနေနဲ့ ဖုန်းခေါ်ဆိုမှုစင်တာ သို့မဟုတ် ကိုယ်ရေးအချက်အလက်တွေ ကျိုးပေါက်သွားတဲ့ ဖောက်သည်တွေရဲ့ တည်နေရာကို အတိအကျ မပြောထားပါဘူး။
အွန်လိုင်းပလက်ဖောင်းပေါ်မှာ ပုံမှန်မဟုတ်တဲ့ လုပ်ဆောင်ချက်ကို တွေ့ရှိပြီးနောက်မှာ ထိန်းချုပ်ဖို့ ချက်ချင်းလုပ်ဆောင်ခဲ့တယ်လို့လည်း လေကြောင်းလိုင်းက ပြောပါတယ်။
ဖောက်သည်တွေကို စိတ်ရင်းမှန်နဲ့ တောင်းပန်ပါကြောင်းနဲ့ ဒီကိစ္စကြောင့် မသေချာ မရေရာမှုတွေ ဖြစ်လာနိုင်တာကိုလည်း နားလည်သိရှိပါကြောင်း ထုတ်ပြန်ချက်မှာ ကွမ်တာ့စ်အုပ်စု အမှုဆောင်အရာရှိချုပ် ဗနက်ဆာ ဟဒ်ဆန်က ပြောကြားခဲ့ပါတယ်။
လေကြောင်းလိုင်းအနေနဲ့ သူ့ရဲ့ဖောက်သည်တွေဆီကို ဆက်သွယ်ပြီး လိုအပ်တဲ့ ပံ့ပိုးကူညီမှုတွေ လုပ်ဆောင်ဖို့ အာရုံစိုက်ထားကြောင်းလည်း ဖော်ပြထားပါတယ်။
Source: Reuters