
ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်ကနေ အင်းစိန်မြို့နယ်ထဲမှာ အလုပ်သွားလုပ်တဲ့ လူငယ် ၈ ယောက်ကို အောင်ဇေယျကြိုးတံတားအဆင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဇွန် ၂၆ ရက် မနက် ၈ နာရီကျော်လောက်မှာ ဖမ်းဆီးပြီး ကားပေါ်တင်သွားတယ်လို့ မျက်မြင်တွေ့ရှိခဲ့သူတွေဆီကနေ သိရပါတယ်။
လှိုင်သာယာမြို့နယ်ကနေ အလုပ်ဆင်းဖို့ အင်းစိန်ဘက်ကိုလာတဲ့အချိန် ကြိုးတံတားအဆင်းမှာ ဖမ်းဆီးခေါ်ဆောင်သွားတာလို့ ဆိုပါတယ်။
မျက်မြင်တွေ့ခဲ့တဲ့ အင်းစိန် ပေါက်တောဝမှာ နေထိုင်သူတယောက်က “ထမင်းချိုင့်လေးတွေနဲ့ အင်းစိန်မှာ အလုပ်လာလုပ်တာ၊ စစ်ကောင်စီတပ်ဖွဲ့ လှည့်ကင်းနဲ့တွေ့ပြီး ဖမ်းဆီးပြီး ကားပေါ်တင်သွားတာ၊ အသက်က ၂၀ ပတ်လည် လူငယ်တွေ၊ အားလုံး ၈ ယောက် ပါသွားတယ်” လို့ ပြောပါတယ်။
“လှိုင်သာယာကနေ ဘာနဲ့လာတာလဲတော့ မသိဘူး၊ စစ်တပ်က အောင်ဇေယျ ကြိုးတံတားအဆင်းမှာ ဖမ်းဆီးနေတာတွေ့လို့ ရပ်ကြည့်နေတာ၊ စစ်ကားပေါ် အတင်းဆွဲတင်သွားတာ။”
ဖမ်းဆီးခံလိုက်ရတဲ့ မိသားစုဝင်တယောက်က “မနေ့ကတည်းက အလုပ်သွားတာ ညကလည်း ပြန်ရောက်မလာဘူး၊ ဒီမနက်လည်း ပြန်ရောက်မလာလို့ အင်းစိန်ရဲစခန်းနဲ့ လှိုင်သာယာ ရဲစခန်းတွေမှာ သွားစုံစမ်းတာ သူတို့မသိဘူးပဲ ပြောတယ်။ နေ့တိုင်းသွားနေတာ၊ အင်းစိန်က စက်ရုံမှာ နေ့စားအလုပ်ဆင်းနေတာ” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်တွေက စစ်မှုထမ်းဥပဒေ အကြောင်းပြပြီး လူငယ်တွေကို ဖမ်းဆီးကာ စစ်မှုထမ်းထဲ အတင်းအဓမ္မ ဆွဲထည့်နေပြီး လမ်းသွားလမ်းလာနဲ့ ခရီးသွားတွေကိုပါ စစ်ဆေးမေးမြန်းပြီး မသင်္ကာရင် ဖမ်းဆီးနေတာလို့ ရန်ကုန်မြို့ခံတွေဆီကနေ သိရပါတယ်။