Home
ဆောင်းပါး
အနာဖေးအောက်က သွေးစိမ်းများ
DVB
·
June 27, 2025

နယ်မြို့လေးတွေထဲ ကြီးပြင်းလာပြီး ငယ်ငယ်ကစားကြရင်း ဒဏ်ရာရရင် မိဘတွေတွေ့လို့ အရိုက်မခံရအောင် သူငယ်ချင်းတွေ ဆေးဟေ့လို့ အကြံပေးတဲ့ တွေ့ကရာ အရွက်ခူး အရည်ညှစ် သိပ် ခြေမွထားတဲ့ အရွက်တွေကို အပေါ်ကအုပ် ပတ်ကြမ်းတိုက် ဆေးမြီးတိုနဲ့ ကု။ အသားလေး တက်လာလိုက် အနာဖေးခွာကြည့်လိုက်။ သွေးစိမ်း သွေးပုပ်တွေ ထွက်လာလိုက် ညှစ်လိုက်။ အနာပြန်ကြီးသွားလိုက် ဖြစ်ဖူးတဲ့ ဆရာကြီးနဲ့ သူ့အဖွဲ့ဝင် သူငယ်ချင်းအုပ်စုတွေ ရှိဖူးကြမှာပါ။ အနာရင်း အဖျားဝင်မှ မိဘကတွေ့ ဆေးရုံရောက်တွေထိ ဖြစ်တဲ့ အုပ်စုလည်း ရှိမှာပါပဲ။ ဝက်ခြံလေးထွက်လာလိုက် ညှစ်ကြည့်လိုက်။ အနာရွတ်လေး အသားတက်လာလိုက် ဖဲ့လိုက်နဲ့  အနာရင်း ပြန်ရောင် သံသရာလည်ခဲ့ဖူးတဲ့ ဆယ်ကျော်သက် ဝက်ခြံထွက်ဖူး အလှပျက်ဖူးတဲ့ သူတွေလည်း ရှိမှာပါ။ အနာဖေးခွာရင် ဝက်ခြံအဆန်ထွက်လာလိုက် အဆန်ကုန်အောင်ညှစ်ရင်း သွေးထွက်လာလိုက်။ အနာရွတ်ကျန်လိုက်နဲ့ ဖြစ်ဖူးကြမှာပါ။ တချို့ကတော့ လုံးဝ ဝက်ခြံမထွက်တဲ့သူလည်း ရှိနိုင်ပါတယ်။ ဘယ်လိုနေနေ အသားကျက်တဲ့ထိ ထားမှ အနာဖေးလေးက သူ့ဘာသာ ကွာကျသွားတာမျိုး မဟုတ်လား။ အသားမကျက်ဘဲ အနာဖေးသွားခွာ အနာရွတ်သွားခွာရင်တော့ သွေးထွက်လာမှာပဲလေ။ တချို့အနာတွေကျ အောက်မှာ ဖူးရောင်နေတတ်တယ်။ ဖူးရောင်နေတဲ့အနာကို သွားခွာရင်တော့ ပြည်ပုပ် သွေးပုပ်တွေ ထွက်လာမယ်။ သန့်စင်တဲ့လက်နဲ့ သေချာ ညှစ်ပြု ဆေးထည့်ရင်တော့ အနာကျက်မြန်မယ်။ တကြိမ်တလေမှာ လူမှုစနစ် အနာဖေးလေးကို သေချာကြည့်မှ အနာရင်း ဖူးရောင်နေတာကို မြင်ရတတ်ပါတယ်။ တော်လှန်ရေးကာလ အနာဖေးတွေအောက်က သွေးပုပ် ပြည်ပုပ်တွေကို မြင်အောင်ကြည့်ပြီး ပျောက်အောင်ကုဖို့လိုတဲ့ လူမှုဘဝတွေ အများကြီးရှိနေပါတယ်။ တခါတရံမှာတော့ ဖူးရောင်နေရင်း ဘာမှမလုပ်ဘဲထားရင်း ပျောက်သွားတတ်တဲ့ အနာတွေ ရှိတတ်သေးတာပါပဲ။ အသားသေသွားတာ။ နာမှန်းမသိတော့တာ။ နာနေတာကို ခံစားနေဖို့ အချိန်မရှိကြတဲ့ ဘဝတွေ ရှိတာပေါ့။ ပါးပါးလေး ပုတ်ကြည့်လိုက်။ ဆတ်ဆတ်ခါနာပြီး ထအော်လိမ့်မယ်။ ဒါတောင် အသံမထွက်အောင် အံကြိတ်ရင်း ရယ်ပြမယ့်သူ ရှိသေးတယ်လေ။ အော်ရကောင်းမှန်းမသိအောင် ထုံနေတဲ့ ဘဝမျိုးလည်း ရှိတာပေါ့လေ။ အဲဒီလိုဘဝတူကလည်း အလွှာလိုက်ပါပဲ။ ခွာနိုင်ရင် ပြည်ပုပ် သွေးပုပ်တွေတောင် ပြန်ညှစ်ချနေရမယ်ထင်ပါရဲ့။

ဒေါ် နု (အမည်လွှဲ) က တဦးတည်းသောသမီး။ အစ်ကိုနှစ်ယောက်ရဲ့ ညီမလေး။ အသက် ၅၀ ကျော်။ သမီးကြီးက မွေးထားတဲ့ ၃ နှစ်အရွယ် မြေးလေးနဲ့။ အသက် ၈၀ ကျော် ဖခင်အိုကို ဆေးရုံစောင့်ပေးနေတာ။ ရိုးရှင်းတဲ့ဘဝလေးပါပဲ။ မြို့နဲ့အလှမ်းဝေးတဲ့ ရွာတရွာနားမှာ လယ်လုပ်တယ်။  အမျိုးသားက အရက်လေးတမြမြလုပ်တဲ့ အချိန်တွေမှာတော့ ဘာဟူဘာလီ အိန္ဒိယမင်းသားနဲ့ နင်လား ငါလားလောက် သန်မာတတ်ပြီး သာမန်အချိန်ဆိုရင် တွေးရင်း အချိန်ကုန်နေတတ်သူမျိုး။ ပြောရရင် သူ့ကိုတောင် ပြန်လုပ်ကျွေးနေရတယ်ပေါ့။ အဖေ အသည်းအသန်ဖြစ်တယ် ဆေးရုံတက်ရမယ်ဆိုတော့ ချစ်ကြင်နာစွာ အားပေးလိုက်ပုံက အလကား ပိုက်ဆံကုန်ပြန်တော့မှာပဲတဲ့။ ခါတိုင်း ခွန်းတုံ့မပြန်တတ်တဲ့မိန်းမ။ ပြောသလိုလုပ်တတ်တဲ့ မိန်းမလေ။ ခုတော့ မျက်နှာကြောတင်းတင်းနဲ့ လင်က ၁၀ ယောက်ရနိုင်တယ်။ မိဘကတော့  အစားမရနိုင်ဘူး ဆိုပြီး နီးရာဆိုင်ကယ်ကြုံနဲ့ အိမ်ပြန်လာ ဆေးရုံစောင့်ဖို့ ပြတ်ပြတ်သားသား ရွေးချယ်ပစ်တယ်။ မြေး ရွှေဥလေးကို ကောက်ချီလို့ပေါ့။

ဂိတ်ကိုသွားပြီး သုံးဘီးသမားခေါ် စက်ဘီးကို သုံးဘီးပေါ်တင် အိမ်ကိုပြန်လာ။ တွေ့ရာဆာလာအိတ်ထဲ အဖေ့အဝတ်အစားလတ်လတ် သုံးလေးစုံကို  ခါးကိုင်းကိုင်း လှုပ်လီလှုပ်လှဲ့နဲ့ အမေကထည့်ပေးပြီး သူကတော့ အိပ်ရာခင်းနဲ့ ခေါင်းအုံးကို အပေါ်က ဖိသိပ်ထည့်လိုက်တယ်။ ဘဲနှုတ်သီး ဓာတ်ဘူးအသေးလေးကို လက်မှာကိုင် ကော်သောက်ရေခွက်ကို အိတ်ထဲထည့်။ အမေအိုလိုက်ပေးတဲ့ ဆပ်ပြာခြင်းကြီးကို ပြန်ယူသွားဖို့ပြော။  ကော်ရေခွက်ကတော့ ခွက်တွေ ချိုင့်တွေ ဆေးဖို့။  အမွေးဆပ်ပြာခဲတခဲ အိတ်ထဲထည့်။ စပရိုက်ဘူးခွံလေးထဲရေဖြည့်။ ကိုင်း ဆေးရုံကို သွားကြမယ်။ က​လေးကို ဖတ်သီဖတ်သီနဲ့ ပြေးရှာ။ အဖေနဲ့ သားအဖနှစ်ယောက်အပြင် မြစ်ကလေးရွှေဥရော ဆေးရုံကို သုံးဘီး တဝုန်းဝုန်းနဲ့ ရောက်လာတယ်။ စက်ဘီးစုတ်လေးပါလာတာပေါ့။ ဆေးဝယ် ဘာဝယ်ဆိုရင် ခြေလျင်လျှောက်နေရတာ အချိန်က ကြာ။ နေကပူ။ ကလေးတဖက်နဲ့ ခရီးမတွင်ဘူးလေ။ ဟိုအရင်ရက်ကပဲ ဆေးရုံပေါ်မနေချင်ပါဘူးပြောပြီး ဘယ်လိုတားတား မရ။ ဆေးရုံကဆင်း အိမ်ပြန်မယ်ချည်း တကဲကဲနဲ့မို့ ခေါ်ဆင်းလာရတာကိုး။ အိမ်ရောက်မှ နေရထိုင်ရခက် အဆင်မပြေဖြစ်ဆိုတော့ အမေက သက်သာအောင်ကုခဲ့တာ မဟုတ်ဘူးဆိုပြီး ဆူဆူပြောပြော။ အဖေက သူ့ကို စိတ်မချလို့ ပြန်လာတာကို အဲလိုပြောခံရတာဆိုပြီး အိမ်ပြန်လာတာ မကြိုက်ရင် ဆေးရုံပြန်တက်မယ်ဆိုပြီး အရွဲ့တိုက်။ ဘယ်လိုနေနေ ဆေးရုံမှာဆို ပစ္စည်းကိရိယာစုံတယ်လေ။ ဘယ်လောက်တော်တော် ပစ္စည်းကိရိယာပါမှ ကုလို့ရတာမျိုးဆိုရင် အပ်နဲ့ထွင်းရမှာကို ပုဆိန်နဲ့ ပေါက်နေရမယ်လို့ ရှင်းပြတဲ့သူက ရှင်းပြဆိုတော့ နည်းနည်းလိုလိုလားလား ရှိနေချိန်နဲ့ တိုက်ဆိုင်သွားတာလည်း ပါတာပေါ့။ ဓာတ်မှန်ရိုက်ထားတယ် ဆေးစစ်ထားတာတွေအကုန် အဖြေတောင်မရသေးဘူး ဆေးရုံကနေ ပြန်ခဲ့တာဆိုတော့ ပြန်ပို့ရမယ့်သူက ကြောက်နေပေမဲ့ ဝေဒနာ နာကျင်မှု မယားရဲ့ ကရုဏာပြောလေးကို အပြစ်တင်တယ်လို့ ခံစားရတဲ့ အဖေကြီးကတော့ ပြန်သွားမယ်တကဲကဲ။ ဟိုနေ့က တားတဲ့ ဆရာမတွေ ဆေးရုံပေးမတက်မှာစိုးလို့ လူနာကို ခေါ်လာရမလား သွားမေးမယ်ပေါ့။ မသိဘူးလေ။ ပြောတဲ့သူက အဆူခံရင်လည်း ခံရမှာပေါ့ဆိုတော့ ကြောက်တာကိုး။ ရင်တထိတ်ထိတ်နဲ့လာရတယ်။

ပြင်ပလူနာဌာနရောက်တော့ အော် ဟိုတနေ့က ပြန်သွားတဲ့အဘိုးလို့ ပြောပြီး ဆေးရုံတက်ဖို့ ပြင်ဆင်ပေး။ ဖျားနာဆောင် ရောက်တော့လည်း အဘိုးပြန်ရောက်လာပြီလား ဆိုပြီး နှုတ်ဆက် ရယ်မောကြနဲ့ဆိုတော့ နည်းနည်း စိတ်သက်သာရာရတာပေါ့။ ပဋ္ဌာန်းပွဲက ပြီးပါပြီ။ ဟိုရက်တွေက ပဋ္ဌာန်းပွဲအသံနဲ့ဆိုတော့ အဘိုးနားမခံနိုင်တာလည်း ပါမှာပေါ့လို့ နားလည်ပေးကြတာမို့ တော်ပါသေးရဲ့။ ဆေးရုံရောက် မျက်နှာလန်းနေတဲ့အဖေကို စမ်းသပ်ခုတင်ပေါ်မှာ နောက်တခါ ဆေးအပ်တွေထိုး သွေးတွေပြန်ထုတ်။ သွေးပေါင်ချိန်။ မြေးလေးရွှေဥကတော့ က​လေးပီပီ ဟိုပြေး ဒီပြေး ဇာတ်လမ်းစနေပြီ။ ဆေးတွေ ထပ်ဝယ်ရမလားမသိဘူး။ ပူပန်နေတဲ့ သမီးတော် ဘွားဘွားကတော့ အထုပ်တွေပြေးသယ်၊ စက်ဘီးနေရာချ၊ သုံးဘီးဖိုးပြေးရှင်း၊ ခုတင်ပေါ် ဖျာမခင်းနိုင်ဘူး။ အိပ်ရာခင်းလိုက်တယ်။ အပေါ်ထိမရောက်ဘူး။ ခေါင်းအုံးကို ချ။ ဟော… အဖေ့စောင် ပါမလာဘူး။ အိုဗာတင်းတပုလင်း ပါလာတာလည်း အဖေက မသောက်ချင်ဘူးချည်းပဲ။ ဖျာတချပ်ပါတာက သူတို့မြေးအဘွားအတွက်က စောင်နဲ့ခေါင်းအုံး။ ရပြီလေ။ ထမင်းလာပို့မယ့်သူမရှိ။ အမေတောင် အိမ်နီးနားချင်းတွေ ရေလေးလာခပ်ပေးတဲ့သူရှိမှ ထမင်း သူ့ဘာသာသူ ချက်စားနိုင်လိမ့်မပေါ့။ ကိုယ်တွေမြေးအဘွားက ထမင်းသည်လာရင် ၅၀၀ ဖိုး ဟင်း ၅၀၀ ဖိုး ၂ မျိုးလောက်ဝယ်ရင် ရပြီလေ။ ကလေးက ထမင်းစားတာမဟုတ်ဘူး။ မုန့်စား နို့မှုန့်သောက်။ ဖျော်ရည်သောက်နဲ့။ အဖေကတော့ ဆေးရုံရောက်ရင် အဆုတ်က ရေတွေကို အပ်နဲ့ထိုး စုပ်ထုတ်ရင် ပျောက်သွားမယ်။ စက်တွေ ဘာတွေနဲ့ဆိုရင် သက်သာသွားမယ်လို့ ပြောပြထားတာကို မှတ်ထားပြီး အဲလိုတွေကု​ပြီးရင် သူသက်သာသွားမယ်။ လယ်ထဲ ပြန်သွားမယ်ပေါ့။ အဖေက သန်မာတယ်လေ။

စစ်ဘေးရှောင်ဖို့ သွားတဲ့ရွာမှာ စစ်တပ်က လေယာဥ်နဲ့ ဗုံးလာကြဲတော့ အမေကြီး ခါးကိုင်းကိုင်းသေးသေးလေးကို ကောက်ပိုးပြီး ပြေးပစ်တာ။ သူ့အိမ်သူသက်ထားကို မပါမနေရ။ ခု သူမကျန်းမာချိန် အိမ်တလုံးထဲမှာကျန်ခဲ့ပြီး ပြုစုမယ့်သူမရှိတဲ့ သူ့အိမ်သူကို ဘယ်စိတ်ချလိမ့်မလဲ။  သူ အားတင်းတယ်။ ပျောက်သွားမယ်ပေါ့။ သူ့တူမလာပို့တဲ့ ထမင်းရည် ပျစ်ပျစ် ချိုချို နွေးနွေးလေးကို စိတ်အားထက်သန်မှုတွေနဲ့ သောက်တယ်။ ဖျော်လာပေးတဲ့ သံပုရာရည်ကို တစိမ့်စိမ့်သောက်တယ်။ ဆရာမတွေက သံပုရာရည်သောက်လို့ ရတယ်တဲ့။ အမဲရိုးစွပ်ပြုတ် သောက်ဖို့ပါတယ်။ သူ့တူမကလည်း ခဏတဖြုတ်လေး လာနိုင်အောင် လာရှာတယ်လေ။ အဲချိန် သူ့အိမ်ကထည့်လာပေးတဲ့ ရေကို ကိုယ့်ရေဘူးခွံထဲ လှယ်ယူတယ်​။ အားနာစရာကြီး ရေက ဘုန်းကြီးကျောင်းမှာ သွားခပ်လို့ရတယ်။ သူအဲလိုပြောရင် သူ့ညီမဝမ်းကွဲက ကိစ္စမရှိပါဘူး မမရယ်။ အပန်းမကြီးပါဘူး။ အချိန်အရမ်းမရတာ တချက်ပါပဲလို့ ဖြေတယ်။ ဆေးရုံက ဆေးဝယ်ခိုင်းရင် သူတို့မြေးအဘွား စက်ဘီးလေးစီးပြီး ထွက်ဝယ်တယ်။ ၃ ညလောက် ဆေးရုံမှာအိပ်ပြီး ဆရာဝန်ကလည်း ထွေထွေထူးထူး ဘာမှမပြော။ ဝယ်ခိုင်းတာတွေ ဝယ်ပြီး သူနာပြုတွေဆီ သွားပို့။ သွေးစုပ်ထုတ်ဖို့ လက်အိတ်တွေ ဆေးတွေရောပေါ့။ ဓာတ်မှန်အဖြေကြည့်ပေး။ ဆေးဆက်ထိုး။ ဆေးစား။ ထူးပြီးသက်သာလာတယ်လည်း မခံစားရ။ ဘေးက လူနာတွေက သက်သာလို့ပြန်ပြီ။ ရင်ဘတ်က အောင့်နေဆဲ။ မနက် သမီးဝယ်ပေးတဲ့ အချိုမှုန့်နိုင်းချင်းနဲ့ ရေစိမ်ခေါက်ဆွဲ စားလိုက် ဗိုက်ပြန်နာလာလိုက်။ အီကြာကွေးမာခေါက်ခေါက်ကြီးက အိုဗာတင်းနဲ့စိမ်တော့လည်း ပျော့မသွား။ ရေကမသောက်ချင်။ ရေစုပ်ထုတ်တယ်ဆိုပြီး နံကြားကနေ ထိုးလိုက်တဲ့ အပ်ထဲ သွေးတွေပဲ ပါလာတယ်တဲ့။ အဆုပ်က ခဲနေတာတဲ့။ ဆေးထိုးနေရင် အရည်ပျော်လာမယ်ထင်တယ်ဆိုပြီး အဘိုးသည်းခံပေမဲ့ ထူးခြားမလာ။ ဆေးရုံမှာ အဘိုး မနေချင်တော့ပြန်ဘူး။ သမီးနဲ့ မြစ်ရွှေဥတို့ အဖေနဲ့အတူ အိမ်ပြန်ရောက်လာတယ်။

ဆေးရုံကလူနာတွေကို ကြည့်တော့လည်း လာကြည့်မယ့်သူ မရှိတဲ့သူက မရှိ။ ကြည့်လိုက်ရုံနဲ့ ငွေကြေးချမ်းသာတယ်လို့ သိသာတဲ့သူတွေကလည်း လူစောင့်က တယောက်တည်း ရှိတာလည်းရှိ။ ဟိုးအရင်တုန်းကဆို သူနာပြုတွေ ငှားလို့ရတာပေါ့။ ခုအာဏာသိမ်းပြီးချိန်က စပြီး ကျန်းမာရေးဝန်ထမ်းတွေ CDM ဝင်ကုန်လို့ ဆေးရုံကြီးတခုလုံးမှာ အထူးကုဆရာဝန်ကြီးတွေက မရှိတော့ဘူးဆိုတာ သူတို့မသိ။ ဆေးရုံကို အားကိုးရမယ် ဆိုတာလောက်ပဲသိတယ်။ တောထဲ တောင်ထဲက လယ်ထဲမှာ လယ်လုပ်ရင်း ဟင်းစားအတွက် တောင်ယာလေးတွဲလုပ်။ တောင်ယာခုတ် တောင်ယာကျွန်းခွေ ပြောင်း ပိန်း ပန်းဥ ခေါ် ကွမ်းစားဂမုန်းပင်တွေ စိုက်ထားချိန် လယ်ကန်သင်းပြင် ပျိုးကြဲ တောင်ယာစပါးဆူးထိုး ငရုတ် ချဥ်ပေါင် ရုံးပတီ တောင်ယာပန်း မုန်ညှင်းခါး ဖရုံ သခွားလို ဟင်းစားပင်တွေစိုက်။ လယ်ထဲ ပျိုးနှုတ်ကောက်စိုက် အဲဒါပြီးရင် တောင်ယာ ပေါင်းလိုက်။ အဲလို တလှည့်စီ လုပ်ရတာ။ တောင်ယာထဲ  ခါနှမ်းတွေရောစိုက်။ ပဲစင်းငုံ ပဲပိစပ်တွေ နေရာအကွက် သတ်မှတ်စိုက်နဲ့။ လယ်ရော တောင်ယာရော လုပ်ရင်း တောကောင်လေးတွေ ထောင်။ တောဝက်ရလိုက် တောကြက်ရလိုက် တောကြောင်ရလိုက်။ ငါးစားချင်ရင် အရင်ကဆို ချောင်းထဲ ငါးပက်လိုက်လို့ရတယ်။ ခုက ကျဉ်စက်နဲ့ တို့ကြတယ်။ အသီးအရွက်က တောင်ယာထဲကရတယ်။ လယ်စပါးနဲ့ အဆင်ပြေတယ်။ အဆင်မပြေတာက မြို့ကိုပြန်ရင် အဆင်မပြေတာ။ ကုန်စျေးနှုန်းတွေ တရိပ်ရိပ်တက်နေသလိုပဲ။ တခါထက်တခါ စျေးပိုကြီးလာတာ။ ပါရာစီတမော အကိုက်အခဲပျောက်ဆေး ချောင်းဆိုးပျောက်ဆေးလို ဆေးတွေ တခါတလေမှာ ဝယ်မရ။ သူတို့ပြောတာက ကားလမ်းမှာ ဂိတ်တွေ အရမ်းများလို့တဲ့။ PDF ဂိတ် စစ်တပ်ဂိတ် အစိုးရဂိတ် ဘာတွေ ညာတွေ မကြားဘူးတာ အတော်များလာတာကိုး။ ကွင်းလမ်းက လာရတာတဲ့။ ကားလမ်းပိတ်ပြန်ပြီတဲ့။

မနှစ်က အနီးဆုံးရွာလေးဘက် ဆီ ဆား လို အ​ခြေခံစားကုန်လေး လာဝယ်တော့ ဟော....မြို့က လူအုပ်တွေ တဝုန်းဝုန်း ဝေါဝေါနဲ့။ ဆိုင်ကယ်တွေ သုံးဘီးတွေ အထုပ်တွေ တွဲလိ တွဲလောင်းနဲ့ ရွာထဲဝင်လာလိုက်တာ။ မြစ်ကမ်းဘေးက ရွာတွေဘက် စစ်တပ်က လေယာဥ်နဲ့ ဗုံးလာကြဲလို့တဲ့။ ပြေးလာကြတာ။ စစ်ပြေးတယ်ဆိုတာ ဒါမျိုးပဲဟ။ မြင်ဖူးလိုက်တယ်။ မြို့ပြန်ရင်လည်း တည နှစ်ည အိပ်လောက်ဆိုတော့ ကိုယ့်ရိက္ခာနဲ့ကိုယ်။ အမေအိမ်ဆိုပေမဲ့ မိဘက အသက်ကြီးပြီလေ။ ကိုယ့်အိမ်ပိုင်ယာပိုင်မရှိတော့ မြို့မှာ အကြာကြီး နေလေ့မရှိဘူးလေ။ ဟင်းသီးဟင်းရွက် စျေးကြီးလာတာတွေက ကိုယ်နဲ့မဆိုင်သလောက်ပဲ။ ခု ဆိုင်လာတာက ကျန်းမာရေး။ ဆေးရုံမှာ ဆရာဝန်တွေ မရှိတော့ဘူးတဲ့။ တယောက်နှစ်ယောက်ပဲ ရှိတော့တာတဲ့။ CDM ဝင်သွားကြတာတဲ့။ နေဦး အဲ CDM ဝင်လို့ရတယ်ဆိုတော့ ဘယ်နားဝင်ကြတာလဲ။ လိုင်ဇာတို့ ကရင်ပြည်နယ်ထဲတို့ ရွှေပြည်သစ်ရွာတို့မှာ CDM ဆိုတာ ရှိတယ်ထင်တယ် စသဖြင့် CDM ဆိုတာကို ရုံးလိုနေရာ ထင်လိုက်တာက ရှိသေး။ နောက်မှ အလုပ်လာမလုပ်တော့တာကို ခေါ်မှန်းသိတယ်။ အဲဒီ ဆရာဝန်တွေ ရှိရှိ မရှိရှိ ဆေးရုံကရှိနေတော့ သွားကုလို့ရသေးတာကို တော်သေးတယ် ထင်နေတာ။ ဆေးရုံရောက်မှ ဆေးရုံအသွင်အပြင် လှုပ်ရှားသွားလာနေတာတွေက ပုံမှန်မဟုတ်ဘဲ တိတ်ဆိတ်နေတာပဲ။ မသက်သာလို့လာရတာ။ အပြင်ဆေးရုံဆေးခန်းတွေ မတတ်နိုင်လို့သာပေါ့။ တတ်နိုင်တဲ့သူတွေကျ အစိုးရဆေးရုံကို မလာတော့ဘူးတဲ့။ ကိုယ်တွေကျ အမေပေးလိုက်တဲ့ ငွေလေး သုံးသိန်းခွဲယူပြီး ရှိတာနဲ့ လာလိုက်တာ။ လိုတာကို ဆေးရုံအဝင်ပေါက်က စုံစီနဖာဆိုင်ကနေ ဝယ်လိုက်တယ်။ ထမင်း အထမ်းသည်ဆီကစား။ အဆင်ပြေသလိုပါပဲ။ ကလေးက တောထဲတောင်ထဲ ပြေးလွှားနေတဲ့ ကလေးဆိုတော့ မြို့မှာကျ နှာစေးလိုက်။ ချောင်းဆိုးလိုက်ပဲ။ မတ်လတုန်းက ငလျင်လှုပ်လိုက်တာ ရေတွေပဲ ခန်းကုန်တာလား။ ရေက ခါတိုင်းထက် ပိုခန်းနေတာ။ မေလ ရေပြန်တက်တတ်ပေမဲ့ ဒီနှစ်တော့ မတက်သေးဘူး။ ဒုက္ခက ရှာကြံရောက်တာဆို။ အိမ်က အမေအိုအတွက်က ရတက်မအေး။ အဖေက မသက်သာနဲ့ဆိုတော့ စိတ်ကပူရတယ်လေ။ ဆေးရုံအကြောင်း ပြန်ပြောရမယ်ဆိုရင် ဆေးရုံမလာစဘူး လာတဲ့သူတွေကလည်း ဆိုင်ကယ် စက်ဘီး အပ်မယ့်နေရာတွေ ဘယ်ရှိမှန်းမသိ။ အပ်ရသေးလားလည်း မသိ။ ဆေးရုံအဆောင်တွေနားထိ ဆိုင်ကယ်ကို ယူထားရင်လည်း ဘယ်သူမှ ဘာမှမပြော။ ရေနွေးလိုရင်လည်း အရင်လို ဆေးရုံထဲ ဝယ်စရာနေရာမရှိ။ အစားအသောက်ကို တွန်းလှည်းဆိုင် ဆိုက်တွဲဆိုင်လေးတွေနဲ့ မနက်တွေမှာ လာရောင်း။ ထမင်းစားဖို့ဆိုရင် အထမ်းသည်ကိုမျှော်။ ည ဆာရင်ရေသောက်။ ဆေးရုံက ရေသန့်သောက်ရေစည်ထဲ လိုသလောက်သွားယူ။ မဟုတ်ရင် အနီးက ဘုန်းကြီးကျောင်းကို သွားခပ်။ ရေသန့်ကတ်လိုက် ဝယ်သောက်တဲ့သူတွေကိုလည်း အားကျမနေဘူး။ ကိုယ့်ဒုက္ခနဲ့ကိုယ် အဆင်ပြေဖို့ပဲ။ အစောင့်မရှိတဲ့ လူနာတွေ။ အစောင့်မပြောင်းနိုင်တဲ့ လူနာတွေ အချင်းချင်း ဖေးမကြ။ ကျနော့်မိန်းမ မရတော့ဘူး။ ခဏလေးစောင့်ထားပေးပါဦး။ အိမ်သားတွေ ပြေးခေါ်ဦးမယ်။ လိုတာရှိရင်ပြောပါ။ အောက်ဆီဂျင်က တမြို့လုံးမှာ မရနိုင်တော့ဘူးတဲ့။ ဆေးရုံက အောက်ဆီဂျင်ကျ မီးစက်နှိုးမှ သုံးလို့ရတာ။ အချိန်က အကန့်အသတ်ရှိတယ်။ ကိုယ်က စက်သုံးဆီဖိုး ပေးရတာကိုး။ မြို့ကလေးက စစ်ကိုင်း-ကချင် နယ်စပ်မြို့ဆိုတော့ မီးတွေဖြတ်ထားတာ ခံနေရသလို လမ်းပန်းဆက်သွယ်ရေးကြောင့် အစစအရာရာ စျေးနှုန်းကြီးမြင့်မှုဒဏ်ကို ခံနေရတော့ အခြေခံလူတန်းစားတွေတော့ လူးလှိမ့်ခံနေရတော့တာပေါ့။ ဖုန်းလိုင်းတွေဖြတ်ထားတော့ ဘာလိုလို လူကိုယ်တိုင်တွေ့တဲ့ထိ ရှာရတယ်။ တနှစ်နီးပါး ကြာလာတော့ တယ်လီနောလိုင်း ပြန်ရတယ်။  အတံ ဆိုလားလည်း ပြောတာပဲဆိုလို့ ရယ်ရသေး။ ဟော… ဖုန်းဝင်ပြီ ဝင်ပြီ။ ဟဲလို...ဟဲလို...ကျသွားပြီဟေ့။ ဆက်ခေါ်တယ်။ ဆယ်ကြိမ်။ ၁၈၀ ကျပ် ကုန်သွားတယ်။ ဟဲလို...၂ ခါ​ဆီ ပြောလိုက်ရတယ်။ တကြိမ် ၁၈ ကျပ်ပဲ။ တချို့နေရာတွေ လိုင်းမမိဘူး။ တချို့နေရာတွေကျ  ကြည်တယ်ပြောတာပါပဲ။ မတတ်နိုင်ဘူးလေ။ ပြေးစာရာမြေမရှိတဲ့ အခြေခံလူတန်းစားတွေက ဟော....ဟိုနေ့ကပဲ ဆေးရုံကို မိုင်းနင်းမိတဲ့ ကလေးတယောက် ရောက်လာတယ်။ သေသွားပြီတဲ့။ သူ့အမေကို သားမရတော့ဘူး အမေ။ ဖိုက်တင်းနော်… လို့ မျက်ရည်လေးနဲ့ ပြောခဲ့သတဲ့။ သင်္ချိုင်းကို ဘာသွားလုပ်တာလဲ။ ဒီလိုပဲ မှိုရှာ ဖက်ခူး။ လမ်းမကြီးရွက် ခတ်ချိုညွန့် ကင်မလင်း ကောက်ကောက်ညွန့် အဲလို ဟင်းစားလေးရှာ။ အင်ဥ တဘူး ၅,၀၀၀ ရတယ်ဆို​တော့ သွားရှာမိတာပေါ့။ သင်္ချိုင်းကုန်းထဲ တမင်တော့မသွားပါဘူး။ ရှာရင်းရောက်သွားတာပေါ့။ အဲလိုနဲ့ အသက်ဆက်ချင်လို့သွားရင်း အသက်ပြတ်သွားရတဲ့ ဘဝလေးတွေ ရှိတယ်လေ။ ပြေးပြေးဆိုရင် ဘယ်ကိုပြေးရမလဲ။ သူခိုးတောင်နေလို့ရတဲ့မြို့မှာ ကိုယ်တွေလည်း နေလို့ဖြစ်ရမယ်လို့ အားတင်းထားတဲ့ ဘဝတွေ တပြုံကြီးလေ။

ကြည့်လိုက်မယ်ဆိုရင် အနာဖေးပေါ် အားနဲ့ဖိချရင် သွေးပုပ်တွေ ထွက်စရာမှ ရင်းလို့ ရောင်လို့။  ဆေးရုံကို ငွေလေးသုံးသိန်း တကမ္ဘာနဲ့သွားရင်း မြန်မာငွေ ငါးရာနဲ့ ခေတ်သစ်စားမြိန်စာ ကျွတ်ကျွတ်အိတ်ထုပ်လေးနဲ့ မှီဝဲလို့ရနေသေး။ သောက်ရေလိုရင် နီးရာဘုန်းကြီးကျောင်းကို ပြေး စုခ​ပ်ပြီး ဖြေရှင်းဖို့ အဆင်ပြေရာလက်တို့ ညီညွတ်ခြင်းတွေ ရှိသေးတယ်။ ​နေ့နေ့ညည လိုရာအကုန်ရနိုင်တဲ့ ရန်ကုန်လို ခေတ်မီမြို့ပြကြီးမှာ အဲကွန်းကားကြီးစီးပြီးရင်း တနှစ်နေလို့မှ ဘေးခန်း မျက်နှာချင်းဆိုင်ခန်းက ဘယ်သူတွေနေမှန်းမသိတဲ့ ဘဝကိုပဲ ကြောက်ရမလို။ အဖေကြီးမူးလဲလို့ အောက်ထပ်ထိ ပြေးဆင်း တက္ကစီခေါ်ရမလို။ ဘေးခန်းပဲ အကူအညီ တောင်းရမလိုနဲ့ ကူရာမဲ့ လူလတ်ပိုင်း အမျိုးသမီးတယောက်နေရာက ဝင်ခံစားကြည့်။ တကောင်ကြွက်မို့ အဖေဆုံးပြီး သက်ပျောက်တရားနာရမယ် ဆိုတာဝေး ကိုယ့်အပူမီးနဲ့ ကိုယ်  ခြေမကိုင်မိ လက်မကိုင်မိဘဝ။ ခေတ်မီတိုးတက်ခြင်းနောက်ကွယ်က လက်အေးကြီးတွေက တမျိုး။ အခြေခံလူတန်းစားတွေအတွက် public transpotation က မရှိ။ ဆေးဝါး စက်ကိရိယာ မပြည့်စုံလို့ မြို့ကြီးတွေကို လွှဲလိုက်တဲ့လူနာတွေက ခုလိုချိန်ဆို လမ်းမှာတင် သေဖို့ပဲရှိတယ်လေ။ CDM ကျောင်းသား ဆိုတာကလည်း NUG အစိုးရ အွန်လိုင်းကျောင်းတွေ ကျောင်းဖွင့်ထားတဲ့ ဒေသတွေနဲ့ မနီးရင် ဆယ်ကျော်သက် အထက်တန်းကလေးတွေက ကြုံရာကျပန်း လုပ်ရင်လုပ်။ လယ်ယာကိုင်းကျွန်းတွေမှာ မိဘကိုကူညီ။ မူလတန်း အလယ်တန်းတွေမှာ ရပ်ထားတဲ့ ကလေးတွေကျ ဒီလိုပဲ ဆက်နေလို့ မဖြစ်တော့ဘူး။ မဖြစ်မနေ ကျောင်းပြန်တက်ရတော့ ဆက်တိုက်တက်နေတဲ့ ကလေးတွေနဲ့ ခန္ဓာကိုယ်ချင်းက ဆင်နဲ့ဆိတ်။ အစ်ကိုကြီးနဲ့ ညီလေး။ ကိုယ်ပိုင်ကျောင်းတွေဆီလည်း ငွေနဲ့လိုက်။ လိုရာဆန္ဒ တလုံးတဝတည်း ဖြစ်လို့ရတာကဖြစ်။ မတတ်နိုင်တဲ့ မိဘနဲ့ တတ်နိုင်တဲ့ မိဘကြား ကွာဟချက်တွေက အထင်းသား။

တကယ်လို့သာ တော်လှန်ရေးကြီး အောင်မြင်ရင်တောင် အစားထိုးရမယ့် ပြင်ဆင်ရမယ့် ကဏ္ဍတွေက လက်ညှိုးထိုးမလွဲ။ အုပ်စုတွေလည်း ကွဲဦးမယ်။ သူတလူ ငါတမင်း ဖြစ်ကြဦးမယ်ဆိုရင် ပညာရေး ကျန်းမာရေး အများပြည်သူအတွက် မြို့တွင်း သယ်ယူပို့ဆောင်ရေးစနစ်လို အခြေခံကဏ္ဍတွေမှာ ပလုတ် ပလုတ် အသံတွေမြည်ပြီး ဘယ်တော့ပြည့်လာမလဲ မသိ။ ရေတံလျှောက်နဲ့ နေရာလွဲနေတဲ့ အိုးလို ဖြစ်နေဦးမှာပါပဲ။ တခါတလေ ပြည်ပုပ်ပြီး အတွင်းလှိုက်စားသွားရင် ဆေးရုံအရောက်နောက်ကျတဲ့ကလေးလို အသေစောနိုင်တဲ့ ဘဝတွေအတွက်တော့ အနာစိမ်းကို ဖိသင့်ရင်ဖိ ခွာသင့်ရင်ခွာပြီး အနာနဲ့ဆေး တည့်အောင် ကုပေးရမှာပဲ မဟုတ်လား။ အမြန်ဆုံးကုနိုင်ကြပါစေလို့ပဲ ဝက်ခြံညှစ်ရင်း အနာရင်းဖူးသူအနနဲ့ တိတ်တဆိတ် ဆန္ဒပြုမိပါရဲ့လို့။

မေထားနီ

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024