
ကမ္ဘာကြီး အဆင့်ဆင့်တိုးတက်ပြောင်းလဲလာပုံသမိုင်းတွင် နည်းပညာတိုးတက်သော လူ့အဖွဲ့အစည်းနှင့် ခေတ်နောက်ကျသော လူ့အဖွဲ့အစည်းနှစ်ခု ပဋိပက္ခဖြစ်တိုင်း နည်းပညာအင်အား သာလွန်သူကသာ အောင်ပွဲခံခဲ့သည်မှာ ရက်စက်သော အမှန်တရားပင်ဖြစ်၏။ တနည်းအားဖြင့် အသိဉာဏ်ပညာ တိုးတက်သော လူ့အဖွဲ့အစည်းသာ ကမ္ဘာလောကကြီးကို လွှမ်းမိုးနိုင်မည် ဖြစ်သည်။ ဤအမှန်တရားကို လူနှင့် တိရစ္ဆာန်များကြား ကမ္ဘာလောကကို လွှမ်းမိုးနိုင်စွမ်း ကွာဟခြင်းတွင် ထင်ရှားစွာ တွေ့မြင်နိုင်၏။ ကမ္ဘာ့နိုင်ငံများ၏ ဖွံဖြိုးတိုးတက်မှုကို နှိုင်းယှဉ်ကြည့်လျှင်လည်း ပို၍ထင်ရှားစွာ တွေ့မြင်နိုင်မည်ဖြစ်သည်။
၁၉ ရာစုနှောင်းပိုင်းက ဖြစ်ပွားခဲ့သော အင်္ဂလိပ်တို့၏ မြန်မာပြည်သိမ်း စစ်ပွဲများတွင် နည်းပညာ ကွာဟချက်ကြောင့် မြန်မာတို့ စစ်ရှုံးခဲ့ရသည်မှာ ထင်ရှားမြင်သာသော သမိုင်းသင်ခန်းစာပင်ဖြစ်၏။ အင်္ဂလိပ်တို့သည် မန္တလေးရှိ ဘုရင့်နန်းတော်ကို သိမ်းပိုက်ပြီးသောအခါ လက်နက်တိုက်များအတွင်းမှ မြန်မာတို့၀ယ်ယူထားပြီး အသုံးမပြုရသေးသော ခေတ်မီလက်နက် အမြောက်အမြားကိုပါ သိမ်းပိုက်ရရှိသည်ဟု မှတ်တမ်းများတွင် ဖော်ပြထား၏။ ထိုခေတ်က နည်းပညာကွာဟချက်အပြင် ပညာတတ်လူသားရင်းမြစ် နည်းပါးခဲ့သည်မှာ ပို၍ပင် ထင်ရှားလေ၏။ အကျိုးဆက်အနေဖြင့် သူတပါး၏ စိုးမိုးခြယ်လှယ်မှုကို မြန်မာတိုင်းရင်းသားအားလုံး ရာစုနှစ်နှင့်ချီကာ ခေါင်းငုံ့ခံခဲ့ကြရ၏။
ယနေ့ခေတ်သည် ဉာဏ်ရည်တုနည်းပညာ (AI) ခေတ်ဖြစ်၏။ နည်းပညာ တိုးတက်ထွန်းကားမှုကြောင့် နယ်ပယ်စုံ၊ ကဏ္ဍစုံတွင် တိုးတက်မှုနှုန်း မြန်လှသောဤခေတ်မျိုးတွင် နောက်ကျကျန်ခဲ့သော လူ့အဖွဲ့အစည်းသည် ဤကမ္ဘာလောကတွင် ရှင်သန်ရပ်တည်ရေးအတွက်ပင် အလွန်အမင်း ရုန်းကန်ရနိုင်ခြေရှိပါသည်။ တော်လှန်ရေးကာလနှင့် တော်လှန်ရေးအလွန်တွင် မြန်မာ့လူ့အဖွဲ့အစည်းကို ကောင်းစွာဖွံ့ဖြိုး တိုးတက်လိုသူများအနေဖြင့် နည်းပညာ၏ အခြေခံဖြစ်သော ပညာရေးကဏ္ဍကို အလေးပေး မြှင့်တင်နိုင်ရန် ကြိုးစားကြသင့်၏။ ပညာရေးကဏ္ဍကို မြင့်တင်ရာတွင် စနစ်တကျရှိရန်၊ မူဝါဒခိုင်မာရန် လိုအပ်၏။ ထို့အတူ အခြေအနေ၏ ပေးထားချက်များအတွင်း ရသည့်နည်းဖြင့် မြှင့်တင်နိုင်ရန်လည်း ကြိုးစားကြရမည် ဖြစ်သည်။
ပညာရေးနှင့် နည်းပညာ မြှင့်တင်နိုင်ရေးသည် တော်လှန်ရေးအောင်မြင်နိုင်ရန်အတွက်လည်း အရေးကြီးသော အခန်းကဏ္ဍမှ ပါ၀င်လျက်ရှိ၏။ တော်လှန်ရေး၏ အရေးကြီးသော နည်းဗျူဟာမြောက် တိုက်ခိုက်ရေးလက်နက်ဖြစ်သည့် လူမဲ့ တိုက်ခိုက်ရေးယာဉ်များ ထုတ်လုပ်နိုင်ရေး၊ တပ်ဆင်တိုက်ခိုက်နိုင်ရေးအတွက် နည်းပညာကျွမ်းကျင်သော လူသားရင်းမြစ်များ အမြောက်အမြားလိုအပ်၏။ အနာဂတ် နိုင်ငံတည်ထောင်ရေးတွင်လည်း နည်းပညာကျွမ်းကျင်သော ပညာတတ် လူသားရင်းမြစ်များစွာ လိုအပ်လာမည်မှာ အလွန်သေချာလှသည်ဖြစ်၏။ တော်လှန်ရေးတပ်ဖွဲ့များသည်လည်း ထိုအခန်းကဏ္ဍများကို ကြိုးစားမြှင့်တင်နေကြ၏။ သို့သော် နည်းပညာအားလုံး၏ ရေသောက်မြစ်ဖြစ်သော အခြေခံပညာရေးကို အားသွန်ခွန်စိုက် မြှင့်တင်ရန် လိုအပ်နေသေး၏။ တော်လှန်ရေးနှင့် အနာဂတ်နိုင်ငံတော်အတွက် ပညာတတ်လူသားရင်းမြစ် မျိုးဆက်ပြတ်မသွားစေရန် သတိထား ကြိုးစားသင့်သည်မှာ တော်လှန်သူအားလုံး၏ သမိုင်းပေးတာ၀န်ပင်ဖြစ်၏။
ခေတ်သစ်ကမ္ဘာတွင် နည်းပညာ၏ အခန်းကဏ္ဍ တိုးတက်မြင့်မားလာပုံကို ၂၀၂၅ ခုနှစ် ဇွန်လ ၁ ရက်က ယူကရိန်းထောက်လှမ်းရေးတပ်ဖွဲ့ (SBU) က ဖော်ဆောင်ခဲ့သော ပင့်ကူအိမ်စစ်ဆင်ရေး (Spider Web Operation) က သက်သေပြနေ၏။ ပင့်ကူအိမ်စစ်ဆင်ရေးသည် ယူကရိန်းတို့က ရုရှားလေတပ်စခန်းများကို မောင်းသူမဲ့ အသေခံဒရုန်းများဖြင့် ၀င်ရောက်တိုက်ခိုက်သော စစ်ဆင်ရေးဖြစ်သည်။
ယူကရိန်း ပြည်တွင်းထုတ် နည်းပညာမြင့် အသေခံတိုက်ခိုက်ရေးဒရုန်းငယ် အမြောက်အမြားကို ကုန်တင်ယာဉ်များဖြင့် ရုရှားပြည်အတွင်းပိုင်း မိုင်ပေါင်းများစွာအထိ လျှို့ဝှက်သယ်ဆောင်ကာ ထိုမှတဆင့် ရုရှားလေဆိပ်များရှိ ရုရှားတို့၏ မဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ်များဆီသို့ ပျံသန်းတိုက်ခိုက်ခြင်းဖြစ်၏။ နည်းပညာအကူအညီဖြင့် တန်ဖိုးနည်းကုန်ကျမှုဖြင့် ရန်သူကို အကြီးအကျယ် ထိခိုက်ပျက်စီးစေခဲ့သည်မှာ ကမ္ဘာ့နိုင်ငံအသီးသီးကပင် အံဩခဲ့ရ၏။ ဤဖြစ်စဉ်များကို ကြည့်ခြင်းဖြင့် အနာဂတ် ကမ္ဘာ့အရေးအခင်းများတွင် နည်းပညာ၏ အရေးပါမှု၊ လွှမ်းမိုးမှုတို့မှာ အလွန်အမင်း မြင့်မားလာတော့မည်ဖြစ်ကြောင်း ထင်ရှားလွန်းလှပေသည်။
ထို့ကြောင့် တော်လှန်ရေးအဖွဲ့အစည်းများအနေဖြင့်လည်း တော်လှန်ရေးကာလအတွင်း ရန်သူ အာဏာလုစစ်အုပ်စုကို အနိုင်တိုက်နိုင်ရန်နှင့် တော်လှန်ရေးအလွန်တွင် တိုင်းပြည်ကို ပြန်လည်ထူထောင်နိုင်ရန်အတွက် ပညာရေးကဏ္ဍကို အထူးအလေးပေး မြှင်တင်ကြသင့်၏။ ထိုသို့မြှင့်တင်ရာတွင် အခက်အခဲများရှိမည်မှာ အမှန်ပင်ဖြစ်၏။ အခက်အခဲများကြားမှ ရနိုင်သရွေ့ ကြိုးစားအားထုတ်နေကြရမည်ဖြစ်သည်။
မြန်မာပြည်သူများအနေဖြင့်လည်း မျိုးဆက်သစ်များအတွက် ရင်းနီးမြှုပ်နှံမှုအနေဖြင့် ပညာရေးကဏ္ဍကို ရနိုင်သမျှ အားပေးကြသင့်၏။ တော်လှန်ရေးအရွေ့ အရှိန်ကောင်းလာစေရေးအတွက် တိုက်ခိုက်ရေးနည်းပညာကဏ္ဍများကိုလည်း အလေးပေး ကူညီကြရမည် ဖြစ်သည်။ အာဏာလုစစ်အုပ်စုအား တိုက်ခိုက်နေသော ဒရုန်းတပ်ဖွဲ့များကို စနစ်တကျ ကူညီခြင်းသည် တော်လှန်ရေးရဲဘော်များ၏ အသက်အန္တရာယ်ကို လျှော့ချနိုင်ပြီး အောင်မြင်မှုရလဒ် ကြီးမားသည်ကို နားလည်ပြီး ကူညီနိုင်ကြရန် အရေးကြီးလှပါသည်။ တပြိုင်တည်းမှာပင် ရန်သူအာဏာလု စစ်အုပ်စုကလည်း ၎င်းတို့ ရှင်သန်နိုင်ရေးအတွက် နည်းပညာမျိုးစုံ ရှာဖွေမြှင့်တင်နေမည်ကို အမြဲသတိထား စောင့်ကြည့်နေရမည် ဖြစ်သည်။ သို့မှသာ မိမိတို့ တော်လှန်ရေးသမားများအနေဖြင့် လက်ဦးမှုရယူ တုံ့ပြန်နိုင်မည်ဖြစ်၏။
နည်းပညာတိုးတက်ထွန်းကားလှသော ဉာဏ်ရည်တုနည်းပညာ (AI) ခေတ်တွင် ခေတ်နှင့်အညီ နည်းပညာကျွမ်းကျင်သော၊ ကိုယ်ချင်းစာတရားပြည့်၀၍ အသိဉာဏ်ပညာ တိုးတက်သော လူသားရင်းမြစ်များကို ရနိုင်သမျှမွေးထုတ်ပြီး နွေဦးတော်လှန်ရေးအောင်ပွဲကို ရယူကာ ပြည်သူတရပ်လုံး လိုလားတောင့်တလျက်ရှိသော ဖက်ဒရယ်ဒီမိုကရေစီပြည်သစ်ကို အမြန်ဆုံး တည်ဆောက်နိုင်ကြပါစေကြောင်း ဆန္ဒပြုလျက်...။
ညိုသူ