
ယူကရိန်းနိုင်ငံ၊ နီးပရိုပက်ထရို့ဗ်စ်ခ် ဒေသကို ဇွန် ၂၄ ရက်မှာ ရုရှားဒုံးကျည်နဲ့ တိုက်ခိုက်မှုကြောင့် အခုချိန်ထိ သေဆုံးသူ ၁၆ ယောက်ထိ အရေအတွက် မြင့်တက်လာပြီး ရထားစီးခရီးသည်တွေနဲ့ ကလေးငယ်တွေ အပါအဝင် လူပေါင်း ၁၀၀ ကျော် ဒဏ်ရာရခဲ့တဲ့အပေါ် ယူကရိန်းသမ္မတ ဗိုလိုဒီမီယာ ဇီလန်စကီးက ဇွန်လ ၂၄ ရက်မှာ ရှုတ်ချလိုက်ပါတယ်။
ရုရှားတိုက်ခိုက်မှုကြောင့် ဇာပိုရစ်ချ်ဇီးယားကို သွားနေတဲ့ ခရီးသည်တင် ရထားတစင်း ပျက်စီးခဲ့ကြောင်း ယူကရိန်း အာဏာပိုင်တွေက ပြောပါတယ်။
ဇွန် ၂၄ ရက်အစောပိုင်းက ဒုံးကျည်တိုက်ခိုက်မှုကြောင့် နီးပရိုမြို့မှာ လူ ၉ ယောက်ထက်မနည်း သေဆုံးပြီး ၁၅၃ ယောက် ဒဏ်ရာရခဲ့ကြောင်း အုပ်ချုပ်ရေးမှူး ဆာဟီးလီဆက်ခ်က ပြောဆိုခဲ့ပြီး မီးရထား ထိခိုက်ပျက်စီးမှုကိုလည်း အတည်ပြုခဲ့ပါတယ်။
လူ ၁၂ ဦးဟာ စိုးရိမ်ရပြီး ဒဏ်ရာရရှိသူတွေထဲမှာ ကလေးငယ် ၁၈ ယောက်ပါဝင်ကြောင်း သူ့ရဲ့ တယ်လီဂရမ် ကြေညာချက်မှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။
အံ့ဩထိတ်လန့်နေကြတဲ့ မြို့ခံတွေဟာ ဆိုးဆိုးရွားရွားပျက်စီးနေတဲ့ တိုက်ခန်း အဆောက်အအုံနဲ့ စုတ်ပြတ်သတ် ပျက်စီးသွားတဲ့ မော်တော်ကားတွေကို စူးစမ်းကြည့်ရှုခဲ့ကြပါတယ်။ အနီးနားရှိ ဘုရားကျောင်းတခုမှာတော့ ပြတင်းပေါက်တွေ လွင့်ထွက်ကာ ပြန့်ကြဲနေပါတယ်။
ရှားရှားပါးပါး နေ့ခင်းကြောင်တောင်အချိန်ကြီးမှာပဲ ရုရှားဒုံးကျည် တိုက်ခိုက်မှု ဖြစ်ပွားခဲ့တာဟာ သမ္မတ ဇီလန်စကီးက နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်မြို့မှာ နေတိုးအဖွဲ့ဝင်နိုင်ငံတွေကို ယူကရိန်းရဲ့ ကြီးထွားလာနေတဲ့ ကာကွယ်ရေးကဏ္ဍမှာ သူတို့ရဲ့ရင်းနှီးမြှုပ်နှံမှုတွေကို မြှင့်တင်ဖို့ ဖိအားပေး တောင်းဆိုနေချိန်လည်း ဖြစ်ပါတယ်။
မော်စကိုဟာ စစ်ပွဲစတင်ချိန်ကတည်းက အီရန်ဒီဇိုင်းထုတ် ရှာဟဒ်ဒရုန်း ၂၉,၀၀၀ နီးပါးကို အသုံးပြုခဲ့တယ်လို့ သည်ဟိဂ်မြို့ ဒတ်ချ်ပါလီမန်မှာ ဇီလန်စကီးက စွပ်စွဲပြောကြားခဲ့ပါတယ်။
ယူကရိန်းဟာ အဲဒီဒရုန်းတွေကို ကြားဖြတ်ဟန့်တားနိုင်မှုဟာ အနောက်နိုင်ငံတွေရဲ့ ပံ့ပိုးကူညီမှုပေါ်မှာ မူတည်နေကြောင်းနဲ့ ရုရှားဟာ တီဟီရန်ရဲ့ ပံ့ပိုးကူညီမှုကြောင့်လည်း အဲဒီလို လုပ်ဆောင်နိုင်ခဲ့တာဖြစ်ကြောင်းလည်း ဇီလန်စကီးက ပြောသွားပါတယ်။
Source:Reuters