Home
နိုင်ငံတကာ
အစ္စရေးက အပစ်အခတ်ရပ်စဲရေးကို ချိုးဖောက်နေဟု အီရန်ပြော
DVB
·
June 25, 2025
Photo :Reuters

အစ္စရေးဟာ ၁၂ ရက်ကြာ စစ်ပွဲကိုအဆုံးသတ်မယ့် အပစ်အခတ်ရပ်စဲရေးကို ဆက်လက်ချိုးဖောက်နေကြောင်းနဲ့ တိုက်ခိုက်မှုတွေ ဆက်ရှိနေရင် နောက်ထပ် တိုက်ခိုက်မှုတွေ ပြန်စမယ်လို့လည်း ခြိမ်းခြောက်နေကြောင်း အီရန်တော်လှန်ရေးအစောင့်တပ် (IRGC)  ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး အီဘရာဟင်မ် ဇိုလ်ဖဂါရီက ဇွန် ၂၄ ရက်မှာ ပြောပါတယ်။

ဒီရန်လိုနေတဲ့ အစ္စရေးအစိုးရဟာ ဒရုန်းတွေသုံးပြီး နိုင်ငံရဲ့ ဝေဟင်ပိုင်နက်ကို ချိုးဖောက်ခဲ့ပြီးတော့ ဒီနေ့မနက်ကနေ အခုအချိန်အထိ နိုင်ငံတွင်းက နေရာတချို့ကို ပစ်မှတ်ထားပြီး တိုက်ခိုက်ခဲ့တယ် လို့လည်း ပြောပါတယ်။

သိမ်းပိုက်နယ်မြေတွေရဲ့  တောင်ပိုင်းမှ မြောက်ပိုင်းအထိ သတ္တိရှိတဲ့ အစ္စလာမ်မစ် တိုက်ခိုက်ရေးသမားတွေရဲ့ ချေမှုန်းရေးထိုးနှက်ချက်တွေကို သတိထားကြဖို့နဲ့ အလ်အူဒေ့ဒ်ရှိ အမေရိကန်အခြေစိုက်စခန်းကို တိုက်ခိုက်မှုကို သင်ခန်းစာယူကြဖို့ အမေရိကန်နဲ့ ဇီယွန်ဝါဒီအစိုးရ တို့ကို သတိပေးလိုက်တယ်လို့လည်း ဆိုပါတယ်။ 

ဒီလိုမှမဟုတ်ရင် နောက်အဆင့်မှာ ပိုပြီးအစွမ်းထက်တဲ့ တုံ့ပြန်မှုကို ရင်ဆိုင်ရလိမ့်မှာဖြစ်ပြီး ပိုမိုကျယ်ပြန့်တဲ့ ပစ်မှတ်တွေကို သတ်မှတ်ပြီးသားဖြစ်တယ်လို့လည်း ဆိုပါတယ်။

အစောပိုင်းက အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်ပ် ဟာ သူကြေညာခဲ့တဲ့ အပစ်အခတ်ရပ်စဲရေးကို စောစောစီးစီး ချိုးဖောက်ခဲ့တဲ့အတွက် အီရန်နဲ့ အစ္စရေး နှစ်ဘက်စလုံးကို ပြစ်တင်ဝေဖန်ခဲ့ပါတယ်။

အထူးသဖြင့် အမေရိကန်ရဲ့ အနီးကပ် မဟာမိတ် အစ္စရေးကို သူ့ရဲ့တိုက်ခိုက်မှု အတိုင်းအတာနဲ့ ပတ်သက်ပြီး ပြင်းပြင်းထန်ထန် ဝေဖန်ပြောဆိုခဲ့ပြီး "အခု စိတ်အေးအေးထားပါ" လို့လည်း ပြောလိုက်ပါတယ်။

နောက်ပိုင်းမှာ ထရမ့်ပ်က အီရန်နဲ့ ၁၂ ရက်တာ လေကြောင်းစစ်ပွဲကို အဆုံးသတ်ဖို့ သဘောတူစာချုပ်ကို ထိန်းသိမ်းထားနိုင်ဖို့အတွက် အစ္စရေးဟာ သူ့ရဲ့ညွှန်ကြားမှုနဲ့ နောက်ထပ်တိုက်ခိုက်မှုတွေကို ရပ်လိုက်တယ် လို့လည်း ဆိုပါတယ်။

အစ္စရေးစစ်တပ်ရဲ့ စစ်ဦးစီးချုပ် အိုင်းယားလ်ဇမီးယာကတော့ သူ့ရဲ့စစ်တပ်ဟာ ထင်ရှားတဲ့ အခန်းကဏ္ဍတခုရဲ့ အဆုံးသတ်နိဂုံးကို ရောက်နေပေမဲ့ အီရန်ကို ဆန့်ကျင်တိုက်ခိုက်တဲ့ တိုက်ပွဲတော့ မပြီးဆုံးသေးဘူးလို့ ပြောကြားခဲ့ပြီး စစ်တပ်ဟာ ဂါဇာရှိ ဟားမတ်စ်နဲ့ စစ်ပွဲကို ပြန်အာရုံစိုက်နေကြောင်းလည်း ပြောသွားပါတယ်။

Source:Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024