
စစ်ပွဲက ကလေးကစားသလိုပါပဲလား..။ မနက် မျက်လုံးနှစ်ဖက်ဖွင့်တော့ ဖေ့စ်ဘွတ်ခ်ပေါ်မှာ အီရန်က ကာတာကို ဒုံးကျည်နဲ့ ပစ်ပြီဆိုတဲ့ သတင်းတွေကို ဟိုတစ ဒီတစ ဖတ်ရတယ်။ အီရန် ပြန်ချပြီပေါ့။ ပစ်မှတ်ကလည်း ခု ကမ္ဘာ့နိုင်ငံတွေ အသွားများနေကြတဲ့ ကာတာက အမေရိကန်စစ်စခန်း။ လူအထိအခိုက်မရှိဘူးဆိုတာလည်း ဖတ်ရတယ်။ ဒါနဲ့ ဆိုရှယ်မီဒီယာပေါ်က မရေမရာ သတင်းတွေကို အတည်ပြုနိုင်အောင် Mainstream မီဒီယာတွေဘက် လှည့်ဖတ်ရတယ်။ ဘီဘီစီသတင်းခေါင်းစဉ်မှာ ထရမ့်ပ်က “အပစ်အခတ် ရပ်စဲလိုက်ပါပြီ”တဲ့။ အစ္စရေးနဲ့ အီရန်အကြား ၁၂ ရက်ကြာစစ်ပွဲဟာ အပစ်အခတ်ရပ်စဲဖို့ နှစ်ဖက်စလုံးက သဘောတူလိုက်ပါပြီ တဲ့။
ထရမ့်ပ်ကသာ အဲသလို ကြေညာတာ။ အီရန် နိုင်ငံခြားရေးဝန်ကြီးက အစ္စရေးနဲ့ ဘာသဘောတူညီချက်မှ မရှိသေးပါဘူးတဲ့။ ထရမ့်ပ်ကတော့ အစ္စရေးကို မင်းလည်း ထပ်မလုပ်နဲ့။ အီရန်လည်း ထပ်မလုပ်နဲ့။ အီရန်အချိန် မနက် ၄ နာရီကစပြီး အပစ်ရပ်ကြလို့ ပြောတယ်။ ကမ္ဘာ့နိုင်ငံရေးကလည်း အံ့မခန်းစရာပဲ။ အီရန်က ပြန်ချပြီ ဆိုတော့ ကြည့်ကောင်းပြီ မှတ်တာ။ ပြီးပြီတဲ့။ အတည်မပြုရသေးတဲ့ ceasefire က သိပ်မကြာသေးခင်က အီရန်ကလည်း အပစ်အခတ်ရပ်ဖို့ သဘောတူတယ်ဆိုပြီး ကြေညာချက်ထွက်လာတယ်။ တကယ်ပြီးပြီပေါ့။ အစ္စရေးကလည်း ယုံရတာမဟုတ်သလို ထရမ့်ပ်ကလည်း ပြောချင်ရာပြောတာ။ ခု စာကလေး။ ခု ဆီထမင်း။ ဆုံးဖြတ်ချက်က အမျိုးမျိုး။ အီရန်ကို မတိုက်ခိုက်ပါဘူး။ နှစ်ပတ် အချိန်ပေးတယ်ပြောပြီး နှစ်ရက်အကြာ နျူးကလီးယားပစ်မှတ်တွေကို သွားဗုံးကြဲတယ်။ ထရမ့်ပ်ဟာ MAGA ကို ကျယ်ကျယ်လောင်လောင် ဟစ်ကြွေးသလို ကမ္ဘာကြီးကိုလည်း မီဒီယာကတဆင့် ထုတ်ပြတယ်။ နောက်ဆုံးပေါ် B2 ဗုံးကြဲလေယာဉ်တွေ၊ ဘန်ကာဖျက် ဗုံးတွေနဲ့ အီရန်နျူးကလီးစခန်းတွေကို တိုက်ခိုက်ပုံတွေကို တကမ္ဘာလုံးက မြင်အောင် ပြသတယ်။ ကြည့်ထားကြ ရုရှား။ ကြည့်ထားကြ တရုတ်။ ကြည့်ထားကြ အမေရိကန်ကို အာခံမယ့်သူတွေ။
သမ္မတဖြစ်လာချိန်ကစလို့ ထရမ့်ပ်ဟာ စီးပွားရေးမှာ ကစားတယ်။ စစ်ရေးမှာ ကစားတယ်။ ထရမ့်ပ်ပြောသမျှ လုပ်သမျှတွေက အတည်ယူလို့မရ။ ရှေ့မှာ ပြောခဲ့တာတွေလည်း များပါပြီ။ သမ္မတဖြစ်ဖြစ်ချင်း ရုရှား-ယူကရိန်းစစ်ပွဲ ပြီးဆုံးစေရမယ်လို့ ဆိုပြီး ခုထိ မပြီးသေးဘူး။ တရုတ်နဲ့ ကုန်သွယ်စစ် Tariff war ကလည်း တက်လိုက် ကျလိုက်။ ရန်ဖြစ်လိုက်၊ ပြန်ချစ်လိုက်။
ဒီနေ့ (၂၄-၆-၂၀၂၅) တရက်အတွင်း တက်လာတဲ့သတင်းတွေမှာပဲ ဂနာမငြိမ်။ အပစ်ရပ်ဖို့ သဘောတူလိုက်ကြပြီဆိုတဲ့ သတင်းမဆုံးသေးခင် အီရန်ဘက်က ပစ်လိုက်တဲ့ ဒုံးကျည်တွေ အစ္စရေးဘက်မှာ ပေါက်ကွဲလို့ အစ္စရေးကာကွယ်ရေးဝန်ကြီးက လက်တုံ့ပြန်မယ်လို့ ဆိုနေပြန်တယ်။ ဒါဆို စစ်ပွဲက မပြီးသေးလို့ ဆိုရမယ်။ ထရမ့်ပ်ပြောစကားတွေက အတည်ပြုလို့မရ။
ထရမ့်ပ်က အီရန်ကို ဖျက်အားပြင်းဒုံးပျံတွေနဲ့ တိုက်ခိုက်တာနဲ့ ပတ်သက်လို့ ကွန်ဂရက်ထဲမှာလည်း အငြင်းပွားနေကြတယ်။ ထရမ့်ပ်က သူ့သဘောနဲ့သူ နိုင်ငံတခုကို ဗုံးကြဲခွင့်မရှိ။ ကွန်ဂရက်ရဲ့ အတည်ပြုချက်မရတဲ့အတွက် တရားမဝင်ဘူး။ ထရမ့်ပ်ဟာ အမေရိကန်ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်တယ်လို့ ဆိုတယ်။ ရီပတ်ဘလစ်ကန် အမတ်တယောက်ကတော့ အမေရိကန်ဖွဲ့စည်းပုံ အခြေခံဥပဒေ article 2 မှာ သမ္မတသည် အမေရိကန်နိုင်ငံရဲ့ စစ်ဦးချုပ်လည်းဖြစ်လို့ အမိန့်ပေးခွင့်ရှိတယ်လို့ ဆိုတယ်။
ထရမ့်ပ်ကတော့ ၁၂ ရက်ကြာ အစ္စရေး- အီရန်စစ်ပွဲ ပြီးပါပြီလို့ ပြောနေတယ်။ လက်တွေ့အခြေအနေမှာ ပြီးသလို မပြီးသလို သတင်းတွေကို အတည်ပြုလို့ မရသေးဘူး။ ထရမ့်ပ်က အလွန်အကင်းပါးသူပါ။ စစ်ပွဲဆက်ဖြစ်နေရင် အရှေ့အလယ်ပိုင်းဒေသတခုလုံး စစ်မီးတောက်လာမယ်။ နောက်ဆက်တွဲ အကျိုးဆက်က အမေရိကန်အကျိုးစီးပွားကို တနည်းမဟုတ် တနည်း ထိခိုက်လာမယ်။ တော်ကြတော့။ ရပ်လိုက်ကြတော့လို့ ပြောတယ်။ သူခန့်ထားတဲ့ ကာကွယ်ရေးဝန်ကြီးတို့ နိုင်ငံခြားရေးဝန်ကြီးတို့က သူပြောတဲ့အတိုင်း သံယောင်လိုက်ရတယ်။ စစ်က အစ္စရေးကြောင့်ဖြစ်စေ၊ အီရန်ကြောင့်ဖြစ်စေ အပစ်မရပ်ဘဲ ဆက်ပြီး ဖြစ်နေမလား မသိနိုင်သေးပါ။
အီရန်ဒုံးပျံ ၁၄ စင်း ကာတာက အမေရိကန်စစ်စခန်းကို ပစ်ခတ်ခဲ့ရာမှာ ၁၃ စင်းကို ဟန့်တားနိုင်ခဲ့ပြီး တစင်းကသာ ထိမှန်ခဲ့ပြီးလူအသေအပျောက်မရှိဘူးလို့ ဆိုတယ်။ ဒီလိုပစ်ခတ်လိုက်တဲ့အတွက် အီရန်ကလည်း လက်တုံ့ပြန်ခွင့်ရလို့ ကျေပြီဆိုတဲ့သဘော ထရမ့်ပ်က ပြောတယ်။ စစ်ပွဲက အစ္စရေးက ပစ်မှတ်တွေတင်မဟုတ်၊ အရှေ့အလယ်ပိုင်းက အမေရိကန်စစ်စခန်းတွေအထိ တိုက်ခိုက်မှုတွေ ရှိလာတယ်။
ဒီနေ့မနက် ထရမ့်ပ်ရဲ့ ၁၂ ရက်ကြာ အစ္စရေးနဲ့ အီရန် အပစ်အခတ်ရပ်စဲပြီ ဆိုတဲ့ ကြေညာချက် ဘယ်လောက်အထိ တာရှည်ခံမလဲ စောင့်ကြည့်ရမယ်။ အီရန်နိုင်ငံခြားရေးဝန်ကြီး အာဘတ်စ် အရက်ချီ ဟာ အမေရိကန်တိုက်ခိုက်ခံရပြီး နောက်တရက်မှာ ရုရှားသွားပြီး သမ္မတပူတင်နဲ့ တွေ့တယ်။ ပူတင်က ဒီတိုက်ခိုက်မှုကို လုံးဝလက်မခံနိုင်ဘူး။ ဒါဟာ အမေရိကန်ရဲ့ တဖက်သတ်ရန်စတဲ့ လုပ်ရပ်ဖြစ်တယ်လို့ ဆိုတယ်။ ထရမ့်ပ်ရဲ့ ကြေညာချက်ထွက်လာတော့ အီရန်နိုင်ငံခြားရေးဝန်ကြီးက အပစ်အခတ်ရပ်စဲဖို့ နောက်ဆုံး ဆုံးဖြတ်ချက် မချရသေးဘူးလို့ ဆိုတယ်။
တတိယကမ္ဘာစစ်က တကယ်မဖြစ်နိုင်သေးပါဘူး။ အင်အားရှိသူက အင်အားတွေထုတ်ပြကြ။ အာဏာရှင်တွေက အာဏာရူး ရူးကြ။ မိမိတို့ အာဏာ၊ မိမိတို့ လိုဘအတွက် စစ်ကို အစပြုကြ။ အများပြည်သူကို ချနင်းကြ။ ကမ္ဘာမှာ ဖြစ်နေတဲ့ စစ်ပွဲကြီးနှစ်ခုကို ကြည့်ရင် ယူကရိန်း- ရုရှားစစ်က ၂၀၂၂ ဖေဖော်ဝါရီမှာ ရုရှားရဲ့ ကျူးကျော်မှုက စတင်ခဲ့တာဖြစ်ပြီး အစ္စရေး- အီရန်က တနွယ်ငင် တစင်ပါ ၂၀၂၃ ခုနှစ် အောက်တိုဘာ -၂၇ က ဟားမတ်စ် စစ်သွေးကြွတွေ အစ္စရေးထဲ ဝင်ရောက် တိုက်ခိုက်ခဲ့ရာက စခဲ့တယ်။ စစ်ဖြစ်ရခြင်းအကြောင်းတရားတွေကို ပြောကြမယ်ဆိုရင်တော့ ငြင်းခုန်လို့ ပြီးမှာမဟုတ်ဘူး။
သေချာတာတခုက ၂၀၂၂ ခုနှစ်၊ ယူကရိန်း-ရုရှားစစ်ပွဲရော၊ ၂၀၂၃ ခုနှစ် အစ္စရေး- ပါလက်စတိုင်း (ဟားမတ်စ်၊ဟစ်ဇ်ဘိုလာ၊ ဟူသီ၊ ဂါဇာ၊ အနောက်ဘက်ကမ်း၊ ယီမင်၊ နောက်ဆုံး အီရန်၊အမေရိကန် ) စစ်ပွဲမတိုင်မီအထိပါ ကမ္ဘာကြီးက ငြိမ်းချမ်းနေခဲ့တာပါ။ မငြိမ်းချမ်းဘူးဆိုရင်တောင် ခုလို အပြန်အလှန် သေသေကြေကြေ တိုက်ကြတဲ့ စစ်ပွဲတွေတော့ မရှိခဲ့ဘူး။ ရုရှား-ယူကရိန်းစစ်ပွဲတခုတည်း နှစ်ဘက် သေဆုံး၊ ဒဏ်ရာရသူပေါင်း ၄၀၀,၀၀၀ ဝန်းကျင် ရှိပြီး အစ္စရေး-ပါလက်စတိုင်းစစ်ပွဲက (ဂါဇာကမ်းမြောင်တခုတည်းမှာ) သေဆုံးသူပေါင်း ၅၅,၀၀၀ ကျော် ရှိပြီလို့ သိရတယ်။
Ref: Reuters / BBC / CNA