Home
မြန်မာသတင်း
အလုပ်သမားခေါင်းဆောင် ကိုသက်နှင်းအောင် အင်းစိန်ထောင်တွင် တိုက်ပိတ်ခံထားရ
DVB
·
June 19, 2025

အလုပ်သမားခေါင်းဆောင်တယောက်ဖြစ်တဲ့ ကိုသက်နှင်းအောင်ဟာ အင်းစိန်ထောင်အတွင်း အဆိုးရွားဆုံးပုံစံနဲ့ တိုက်ပိတ်ခံထားရတယ်လို့ မြန်မာနိုင်ငံ စက်မှုလက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (MICS-TUsF) က ထုတ်ပြန်ပါတယ်။

MICS-TUsF ရဲ့ အထွေထွေအတွင်းရေးမှူးချုပ်လည်းဖြစ်တဲ့ ကိုသက်နှင်းအောင် အနေနဲ့ မိသားစု၊ ရှေ့နေနဲ့ တွေ့ခွင့်ပိတ်ခံထားရပြီး အဆက်အသွယ် ပြတ်တောက်နေသလို ထောင်တွင်းနှိပ်စက်မှုတွေနဲ့ အဆိုးရွားဆုံးပုံစံ တိုက်ပိတ်ခံထားရလို့ စိုးရိမ်ပူပန်နေကြရတယ်လို့ အဲဒီအလုပ်သမားအဖွဲ့ချုပ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

MICS-TUsF တာဝန်ရှိသူတယောက်က “ကိုသက်နှင်းအောင်က နဂိုကတည်းက ကျန်းမာရေးမကောင်းလို့ အခုလိုအခြေအနေမှာ သူ့အတွက် ပိုစိုးရိမ်နေရတယ်။ သူ့အတွက် လိုအပ်တဲ့ ဆေးဝါးနဲ့ စားစရာတွေ ရောက်မရောက်ဆိုတာလည်း မသိရဘူး” လို့ ပြောပါတယ်။

ကိုသက်နှင်းအောင်မှာ ၂၀၂၁ ဇွန် ၁၈ ရက်မှာ ဖမ်းဆီးထိန်းသိမ်းခံရတာဖြစ်ပြီး မတရားအကျဥ်းကျခံရတာ ၄ နှစ်ပြည့်ခဲ့ပြီလို့လည်း MICS-TUsF ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီက ကိုသက်နှင်းအောင်ကို ၂၀၂၁ ဇွန်လမှာ မတရားအသင်း ဆက်သွယ်မှုနဲ့ ထောင် ၂ နှစ်နဲ့ ငွေဒဏ် ကျပ် ၂၀,၀၀၀ ချခဲ့ပြီး ၂၀၂၃ ဇွန်လမှာ လွတ်ရက်စေ့လို့ လွှတ်ပေးလိုက်ပေမဲ့ ထောင်ပြင်ပ မရောက်ခင်မှာတင် ပြန်ဖမ်းဆီးကာ ရန်ကုန်စစ်ခုံရုံးကနေ အလုပ်ကြမ်းနဲ့ ထောင် ၇ နှစ် ထပ်ချခဲ့တာလည်း ဖြစ်ပါတယ်။

ဒီနှစ်ဆန်းပိုင်းမှာ စစ်ကောင်စီရဲ့ လူ့အခွင့်အရေးကော်မရှင်က အင်းစိန်ထောင်ကို ရောက်လာချိန်မှာ ကိုသက်နှင်းအောင်၊ သတင်းထောက် ကိုစိုင်းဇော်သိုက်နဲ့ နောက်တယောက်တို့က ထောင်အတွင်း လိုအပ်ချက်တွေ ပြောခဲ့တာကြောင့် သူတို့ ၃ ယောက်လုံး နှိပ်စက်ခံရပြီး အဲဒီနောက်ပိုင်းကစလို့ အဆက်အသွယ် ပြတ်ခဲ့တာလို့ သိရပါတယ်။

ကိုသက်နှင်းအောင်ကို ဖမ်းဆီးထားတာနဲ့ပတ်သက်လို့ မကြာခင်ကပြုလုပ်ခဲ့တဲ့ ILO ညီလာခံမှာ အကျယ်တဝင့် တင်ပြပြောဆိုခဲ့တာ ရှိတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM) ရဲ့ လက်ထောက်အထွေထွေအတွင်းရေးမှူး မဖြိုးစန္ဒာစိုး က ဆိုပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024