
ပဲခူးတိုင်း၊ သာယာဝတီအကျဉ်းထောင်မှာ မတရားဖမ်းဆီး အကျဉ်းချခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား ကိုဖိုးဖြူကို ထောင်အာဏာပိုင်တွေက လုပ်ပိုင်ခွင့်အာဏာ အလွဲသုံးစားလုပ်ပြီး တိုက်ပိတ်ထားရှိကာ ဆေးဝါးကုသခွင့် မပေးဘူးလို့ နိုင်ငံရေးအကျဉ်းသူများအဖွဲ့ (WOPP) က ဇွန် ၁၂ ရက်မှာ ထုတ်ပြန်ထားပါတယ်။
အပြည်ပြည်ဆိုင်ရာကြက်ခြေနီအဖွဲ့ (International Committee of the Red Cross – ICRC) က သာယာဝတီအကျဉ်းထောင်ကို လာရောက်ကြည့်ရှုစဉ် နိုင်ငံရေးအကျဉ်းသား လူမှုကွန်ရက်ရှေ့နေ ကိုဖိုးဖြူက ICRC တာဝန်ရှိသူတွေကို အကျဉ်းသားတွေ အခွင့်အရေး ချိုးဖောက်မခံရအောင် နှိပ်စက်ညှဉ်းပန်းမှု မခံရအောင် အကျဉ်းထောင်အတွင်း ဖြစ်ပျက်နေတဲ့ အခြေအနေတွေကို ပြောကြားခဲ့ပါတယ်။
ထောင်အာဏာပိုင်တွေက အကျဉ်းထောင်အတွင်း ဖြစ်ပျက်နေတဲ့ အခွင့်အရေးချိုးဖောက်နေမှု၊ ခွဲခြားဆက်ဆံခံရမှုတို့ကို မပြောဖို့အတွက် ကိုဖိုးဖြူကို ပိတ်ပင်ထားခဲ့တဲ့ကြားကနေ အခုလို ပြောပြခဲ့တာပါ။
အခုလို အကျဉ်းထောင်တွင်း အဖြစ်အပျက်တွေကို ပြောခဲ့တာကြောင့် အကျဉ်းထောင်အာဏာပိုင်တွေက တခြားအမှုနဲ့ အကျဉ်းကျနေတဲ့ အကျဉ်းသားတွေကို ကိုဖိုးဖြူအား ရိုက်နှက်ခိုင်းခဲ့ပြီး ဆေးဝါးကုသခွင့် မပေးဘဲ တိုက်ပိတ်ထားတာလည်း ပြီးခဲ့တဲ့ မေလ နှောင်းပိုင်းကနေ လက်ရှိအချိန်ထိပါပဲလို့ WOPP ရဲ့ တာဝန်ရှိသူတယောက်က ပြောပါတယ်။
ICRC အနေနဲ့ အကျဉ်းထောင်တွေကို ဝင်ရောက်စစ်ဆေးတာတွေ အလှည့်ကျ ပြုလုပ်နေတယ်လို့လည်း သူက ဆက်ပြောပါတယ်။
ဒါ့အပြင် ထောင်တွင်းပါဆယ်ပို့ရာမှာလည်း ဆေးဝါး (မြန်မာဆေး၊ အင်္ဂလိပ်ဆေး) တွေ မပို့ဖို့နဲ့ ပါဆယ်ပို့ပုံစံစာရွက်ကို ကန့်သတ်ပိတ်ပင်ထားပြီး ပါဆယ်ဟင်းလျာတွေကိုလည်း ကန့်သတ်ပိတ်ပင်ခဲ့တဲ့အတွက် မိသားစုဝင်တွေက ဆေးဝါးတွေ ပို့ဆောင်ခွင့်မရဘဲ ပြန်လည်ယူဆောင်လာရတယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ကေခိုင်