
မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်မှာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း စစ်ကောင်စီစစ်ကြောင်းက လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တာကြောင့် လူနေအိမ် အလုံး ၂၀ နီးပါး မီးလောင်ပျက်စီးကာ ဒေသခံတွေလည်း ထွက်ပြေးနေကြရတယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။
ရေနံချောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ တပ်ဖွဲ့ဝင်တယောက်က “တပ်မ ၈၈၊ ခလရ ၇၇၊ ခလရ ၁၃ တွေ ပေါင်းပြီး အင်အား ၁၀၀ လောက်နဲ့ စစ်ကြောင်းထိုးနေတာ၊ အဲဒီစစ်ကြောင်းက ကံသာ(ရွာသစ်) မှာ သုံးလေးရက်လောက် တပ်စွဲပြီး ပစ္စည်းခိုးတာတွေနဲ့ ပြည်သူတွေရဲ့ အိမ်တွေကို မီးရှို့တာတွေကို သူတို့စိတ်ကြိုက် လုပ်ခဲ့ကြတာ” လို့ ပြောပါတယ်။
အဲဒီ စစ်ကောင်စီစစ်ကြောင်းဟာ ဇွန် ၁၁ ရက်က ရေနံချောင်းမြို့ကနေ ထွက်လာတာဖြစ်ပြီး ဇွန် ၁၄ ရက် မနက်ပိုင်းအထိ ကံသာ(ရွာသစ်) ကျေးရွာအတွင်းမှာ ဝင်ရောက်တပ်စွဲနေခဲ့ကြတာ ဖြစ်တယ်လို့ ဆိုပါတယ်။
ရေနံချောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံ ဗိုလ်စံသျှားက “သူတို့ စစ်ကြောင်းဝင်လာကတည်းက အဲဒီက ရွာခံတွေ ထွက်ပြေးကြတာ သုံးလေးရက်လောက်ပဲ ဖြစ်သလို နေကြရတာ။ အဲဒီရွာကနေ စစ်ကြောင်းက လွန်ပရှိုရွာဘက် ကူးသွားမှ တချို့က ရွာထဲ ပြန်ဝင်လာရဲကြတာ။ အိမ်က ၁၅ လုံးနီးပါးလောက် မီးရှို့ခံရလို့ ပျက်စီးတယ်။ ကျန်တဲ့အိမ်တွေထဲမှာ ပစ္စည်းပစ္စယတွေ ပွစာကြဲအောင် လုပ်ခဲ့ကြတာ တွေ့ရတယ်။ အခု အဲဒီစစ်ကြောင်းက လွန်ပရှိုရွာမှာ တပ်စွဲပြီး အိမ်တွေကို မီးရှို့နေပြန်တယ်လို့ သိရတယ်။ အဲဒီရွာသားတွေလည်း ထွက်ပြေးနေကြတာပေါ့။ သူတို့ လှမ်းမြင်ရတာတော့ မီးလောင်တဲ့အိမ်က ၅ လုံးထက်မနည်းလောက်ဘူးလို့တော့ ပြောကြတယ်။ အခြေအနေ အသေးစိတ်ကတော့ မသိရသေးဘူး။ မိုးကရွာနေတော့ စစ်ဘေးရှောင်တွေ နေဖို့ထိုင်ဖို့ အတော်လေး ဒုက္ခရောက်နေကြတယ်။ သူတို့စစ်ကြောင်းနဲ့ ကျနော်တို့ဘက်နဲ့တော့ ထိတွေ့တိုက်ပွဲဖြစ်တာ မရှိသေးပါဘူး” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့လကုန်ပိုင်းကလည်း အဆိုပါ လွန်ပရှိုကျေးရွာကို စစ်ကောင်စီစစ်ကြောင်း ရုတ်တရက် ဝင်လာပြီး ရွာခံပြည်သူ ၃ ယောက်ကို ဖမ်းဆီးသတ်ဖြတ်ခဲ့သလို လူနေအိမ်တွေကို မီးရှို့ ဖျက်ဆီးသွားခဲ့လို့ အိမ် ၅ လုံးထက်မနည်း မီးလောင် ပျက်စီးခဲ့ရသေးတယ်လို့လည်း သိရပါတယ်။
စစ်ကောင်စီစစ်ကြောင်းဟာ ဇွန် ၁၇ ရက်အထိ ရေနံချောင်းမြို့နယ်ထဲက ကံသာ(ရွာသစ်) ကျေးရွာနဲ့ လွန်ပရှိုကျေးရွာတွေအပြင် မကျည်းကန်ကျေးရွာအုပ်စုနဲ့ အင်တောကျေးရွာ အုပ်စုတွေထဲက ကျေးရွာတွေကို ဆက်လက်စစ်ကြောင်းထိုးနေတာကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေကြရတဲ့ ပြည်သူတွေဟာ နေရပ်မပြန်နိုင်ကြသေးပါဘူး။