
ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသကကျေးရွာတွေမှာ ငလျင်ဒဏ်ကြောင့် အိုးအိမ်တွေထိခိုက်ပျက်စီးပြီး ပြည်သူတွေအခက်အခဲကြုံနေရပေမယ့် စစ်မှုထမ်းကြေးတွေ ပေးနေရတယ်လို့ ရွာခံတွေက ပြောပါတယ်။
စစ်မှုထမ်းကြေးအဖြစ်တအိမ်ကို ငွေကျပ် ၁၅,၀၀၀ ကနေ ၁၈,၀၀၀ အထိပေးနေရတာ ငလျင်ပြီးနောက် ၂ လ ရှိပြီဖြစ်ပြီး ကျေးရွာအုပ်ချုပ်ရေးမှူးတွေက ပွင့်လင်းမြင်သာမှုမရှိဘူးလို့လည်း ဆိုပါတယ်။
ရွာခံတယောက်က “၁၅,၀၀၀ ကနေ ၁၈,၀၀၀ မတူညီကြဘူး။ တခြားရွာတွေက အိမ်ခြေနည်းတော့ ပိုများမယ်။ တရွာကို လူ ၂ ယောက်တောင်းတယ်ဆိုရင် တယောက်ကို ၇၅ သိန်းကျမယ်ဆိုပါတော့။ ကျတဲ့ပမာဏကို အိမ်ခြေနဲ့ ပျှမ်းမျှစားလိုက်ရတာလေ။ အုပ်ကြီးတွေက စစ်မှုထမ်းငွေလည်း ဝိုက်ပဲ၊ သူပြောသမျှဆောင်ပဲ။ အထက်ကိုညှိပေးရပါတယ်လေး ဘာလေး အမြဲပြော။ မကောက်ခင်ဆို ဒီလ လူနဲ့ပဲရတယ်လို့ပြောတယ်၊ ပြီးရင် ဘာမှမဟုတ်၊ ငွေနဲ့ရရော” လို့ ပြောပါတယ်။
စစ်မှုထမ်းဥပဒေ အတည်ပြုပြီးကတည်းက စစ်မှုထမ်းကြေးပေးနေရတာဖြစ်ပြီး ငလျင်ကြောင့် ဒေသခံတွေသေကြေ၊ အိမ်တွေပျက်စီးခဲ့ရပေမယ့် ဆက်ပေးနေရတယ်လို့ သိရပါတယ်။
ငလျင်လှုပ်လှုပ်ချင်းတလမှာ စစ်မှုထမ်းကြေးမပေးရပဲ နောက်လတွေမှာတော့ ကျေးရွာအလိုက် ကောက်ခံတဲ့ငွေ ပမာဏမတူပေမယ့် ပေးနေရတယ်လို့ ဆိုပါတယ်။
အင်းလေးမှာ ငလျင်ဘေးသင့်ပြည်သူတချို့ဟာ ပြည်တွင်းပြည်ပက အလှူရှင်တွေရဲ့ ထောက်ပံ့တာတွေကို မရတာတွေလည်းရှိနေပြီး ရွာအုပ်ချုပ်ရေးမှူးနဲ့နီးစပ်သူတွေကတော့ ထပ်ခါထပ်ခါ ရရှိနေတာတွေလည်း ကြုံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။