
ငလျင်ဘေးအတွက် မေ ၂၉ ရက်က နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာမှာ ပြည်တွင်း ပြည်ပအလှူရှင်တွေဆီက အလှူငွေ ကျပ် ၁၃၁ ဒသမ ၅၃ ဘီလီယံနဲ့ အမေရိကန်ဒေါ်လာ ၂ ဒသမ ၃ သန်းကျော် စစ်ကောင်စီက ထပ်မံရရှိခဲ့ပါတယ်။
ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ ဆောင်ရွက်ရာမှာ လက်ရှိကြုံတွေနေရတဲ့ ဘေးအန္တရာယ်တွေအပြင် နောင်ဖြစ်လာနိုင်မယ့် ဘေးအန္တရာယ်အတွက်ပါ ကြိုတင်ထည့်သွင် စဉ်းစားပြီး သတ်မှတ်စံချိန်စံညွှန်းနဲ့ အညီ အနာဂတ်အတွက် တည်တံ့ခိုင်မြဲအောင် ဆောင်ရွက်ကြဖို့ အလှူငွေပေးအပ်ပွဲမှာ စစ်ခေါင်းဆောင်က ပြောပါတယ်။
ဒီလိုဆောင်ရွက်ရာမှာ ရေတိုရေရှည်အစီအမံတွေချမှတ်ပြီး မူလအခြေအနေထက် ပိုမို သာလွန်ကောင်းမွန်တဲ့ ပြန်လည်ထူထောင်မှုဖြစ်စေရေး၊ ဘယ်သူမှ ချန်လှပ်မှုမရှိစေရေးတို့ကို ဦးတည်ဆောင်ရွက်ပေးကြဖို့ သက်ဆိုင်ရာဝန်ကြီးဌာနတွေကို ညွန်ကြားခဲ့ပါတယ်။
စစ်ကောင်စီက ငလျင်ဘေးအတွက် ပြည်တွင်း ၊ ပြည်ပက အလှူငွေတွေအများအပြားရရှိနေပေမဲ့ မြေပြင်မှာငလျင်ဘေးအတွက် စစ်ကောင်စီရဲ့ ထောက်ပံ့တဲ့ငွေမှာ ပြန်လည်ရပ်တည်ထောင်ဖို့ ခက်ခဲကြောင်း ပင်လောင်မြို့ခံတယောက်က ပြောပါတယ်။
"ဒီလောက်အလှူငွေတွေရနေတာ ပင်လောင်းမှာ မတ်လ ၂၈ ရက်က ငလျင်ဘေးအတွက် စစ်ကောင်စီက ထောက်ပံ့ငွေပေးတော့ လူတယောက်ကို တရက် ကျပ် ၇၀၀ နဲ့ ၇ ရက်စာ ကျပ် ၅၀၀၀ ပေးတယ်။ တိုက်ပြိုကျပြီးမြေကြီးပဲကျန်ရင် ပြန်ဆောက်ဖို့ ကျပ် ၂ သိန်းပေးတယ်။ တပိုင်းတစပဲပြိုရင် ပြင်စရိတ် ကျပ် ၅၀,၀၀၀ ပေးတယ်။ ဒဏ်ရာရတဲ့သူဆို ၅၀,၀၀၀ ပေးတယ်။ သေရင် သူများမြို့နယ်တွေမှာ ကျပ် ၁၃ သိန်းရတယ်။ ပင်လောင်းမှာ ၃ သိန်းပဲပေးတယ်။”
မနေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ ပြည်တွင်း၊ ပြည်ပ အလှူရှင်တွေက ကျပ် သိန်း ၂၀,၀၀၀ တန်ဖိုးရှိ အိမ်ခန်း ၁၆ ခန်းပါ ၄ ခန်းတွဲ ၄ ထပ်တိုက်အဆောက်အဦး ၅၁ လုံး၊ အလှူငွေ ကျပ် ၁၃၁ ဒသမ ၅၃ ဘီလီယံနဲ့ အမေရိကန်ဒေါ်လာ ၂ ဒသမ ၃ သန်း ကျော် ထပ်မံရရှိခဲ့တာပါ။
ပြီးခဲ့တဲ့ ဧပြီ ၁ ရက်က နေပြည်တော်မှာ ပြုလုပ်တဲ့ ပထမအကြိမ်အလှူငွေပေးအပ်ပွဲမှာ ပြည်တွင်း၊ ပြည်ပအလှူရှင်တွေက ကျပ် ၁၁၂ ဒသမ ၈၇ ဘီလီယံနဲ့ အလှူပစ္စည်းတန်ဖိုး ၁၂ ဒသမ ၄ ဘီလီယံ၊ စုစုပေါင်းကျပ် ၁၂၅ ဒသမ ၂၇ ဘီလီယံ ရရှိခဲ့ပါတယ်။