
လူဆိုးဂိုဏ်းဝင်တွေကို ပြန်ပို့ဖို့ ထရမ့်ပ် အစိုးရအဖွဲ့ရဲ့ တောင်းဆိုချက်ကို ငြင်းပယ်မှာမဟုတ်ဘူးလို့ အယ်လ်ဆာဗေးဒိုးသမ္မတ နာယစ်ဘ် ဘူကီလီဟာ ဇွန် ၆ ရက်မှာ ပြောပါတယ်။
မေရီလန်းပြည်နယ်ကနေ ဗဟိုအမေရိကနိုင်ငံဆီ မှားယွင်းပို့ဆောင်ခံရတဲ့ ကီလ်မာ အဘ်ရီဂို ဂါစီယာ အမည်ရှိ အမျိုးသားကို အမေရိကန်ပြည်ထောင်စုဆီ ပြန်ပို့လိုက်တဲ့အပေါ် ဘူကီလီက မှတ်ချက်ပေးလိုက်တာလည်း ဖြစ်ပါတယ်။
“ဘဲဥပုံရုံးခန်းမှာ ပြောခဲ့သလိုပဲ သူဟာ အမေရိကန်ပြည်ထောင်စုထဲကို အကြမ်းဖက်သမား တယောက်ကို လုံးဝ ခိုးသွင်းမှာမဟုတ်သလို အယ်လ်ဆာဗေးဒေါရဲ့ လမ်းတွေပေါ်မှာလည်း ဂိုဏ်းဝင်တဦးကို ဘယ်တော့မှ လွှတ်ထားမှာ မဟုတ်ဘူး” လို့ သမ္မတ ဘူကီလီ က X မီဒီယာမှာ ပို့စ်တင်ထားပါတယ်။
သူဟာ ထရမ့်ပ်အစိုးရနဲ့ အလုပ်လုပ်နေတာဖြစ်ပြီး တကယ်လို့ ဂိုဏ်းအဖွဲ့ဝင်တဦးကို တရားစွဲ ဆိုခံရဖို့ ပြန်လွှဲပြောင်းပါဆိုပြီး သူတို့က တောင်းဆိုလာခဲ့မယ်ဆိုရင်လည်း ငြင်းပယ်နေမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။
အဘ်ရီဂိုဟာ အမေရိကန်ပြည်ထောင်စုအတွင်း တရားမဝင် ရွှေ့ပြောင်းနေထိုင်သူတွေကို စွဲဆိုတဲ့ ရာဇ၀တ်မှုတွေကို တရားရင်ဆိုင်ဖို့ အမေရိကန်ကို ပြန်လာခဲ့တာဖြစ်ကြောင်း ရှေ့နေချုပ် ပံမ်ဘွန်ဒီ က သောကြာနေ့မှာ ပြောကြားခဲ့ပါတယ်။
အဘ်ရီဂို ဂါစီယာရဲ့အမှုဟာ ထရမ့်ပ်ရဲ့ လက်မှတ်ရေးထိုးထားတဲ့ မူဝါဒအများအပြားကို ပိတ်ဆို့ခဲ့တဲ့ တရားစီရင်ရေးအဖွဲ့နဲ့ အုပ်ချုပ်ရေးအဖွဲ့တို့အကြား တင်းမာမှုတွေ ထပ်တိုးလာစေ ကြောင်း မီးမောင်းထိုးပြနေတဲ့ အချက်တခုဖြစ်လာခဲ့ပါတယ်။
တရားရုံးမှတ်တမ်းတွေအရ အဘ်ရီဂို ဂါစီယာကို အယ်လ်ဆာဗေးဒိုး ပြန်ပို့ရင် ရာဇဝတ်ဂိုဏ်း တွေရဲ့ နှိပ်စက်ညှဉ်းပန်းခံရဖွယ်ရှိကြောင်း တွေ့ရှိပြီးနောက်မှာ လူဝင်မှုကြီးကြပ်ရေး တရားသူကြီး ရဲ့ ၂၀၁၉ အမိန့်နဲ့ သူ့အား အယ်လ်ဆာဗေးဒိုးကို ပြည်နှင်ဒဏ် ပေးခြင်းကနေ အကာအကွယ် ပေးထားပေမဲ့ ထရမ့်ပ် အုပ်ချုပ်ရေးအဖွဲ့က အဘ်ရီဂို ဂါစီယာကို အယ်လ်ဆာဗေးဒိုး ပြန်ပို့ခဲ့တာဖြစ်ပါတယ်။
ဝေဖန်သူတွေကတော့ သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ မှားယွင်းတဲ့ ပြည်နှင်ဒဏ်ပေးမှု မူဝါဒက အလွန်အကျွံဖြစ်လာပြီး နှင်ထုတ်မှုတွေအတွက် အရှိန်မြှင့် တင်းကျပ်မှုတွေဟာ အဲဒီမူဝါဒရဲ့ နမူနာ တခုလို့လည်း ပြောနေကြတာ ဖြစ်ပါတယ်။
Source:Reuters