
ယူကရိန်းနဲ့ အမေရိကန် နောက်တဆင့် ဆွေးနွေးခဲ့ကြောင်း ယူကရိန်းသမ္မတရုံး အကြီးအကဲ အန်ဒရေးယာမတ်ခ်က ပြောပါတယ်။
အန်ဒရေးယာမတ်ခ်ဟာ အမေရိကန်ကို အလည်အပတ်ရောက်နေပြီး အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီအိုနဲ့ ဇွန် ၄ ရက်က တွေ့ဆုံခဲ့ပါတယ်။
ယူကရိန်းစစ်ပွဲအနိုင်ရဖို့ ဒီတွေ့ဆုံမှုက အရမ်းအရေးကြီးကြောင်း ယာမတ်ခ်က သတင်းထောက်တွေကို တွေ့ဆုံမှုအပြီးမှာ ပြောခဲ့ပါတယ်။
ယူကရိန်းရဲ့ ဒရုန်းတိုက်ခိုက်မှုကို လက်တုံ့ပြန်မယ်လို့ ရုရှားသမ္မတ ပူတင်က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ကို ပြောဆိုတဲ့နေ့မှာပဲ ယူကရိန်းနဲ့ အမေရိကန် တာဝန်ရှိသူတွေ တွေ့ဆုံပွဲ ပြုလုပ်ခဲ့တာပါ။
ထရမ့်ပ်က ယူကရိန်းနဲ့ ရုရှားတို့ စစ်ပွဲရပ်ဖို့ ပြောဆိုခဲ့အပြီး ၄ လနီးပါးအကြာမှာ ယူကရိန်းစစ်ပွဲ ပိုပြီး ပြင်းထန်လာတာ ဖြစ်ပါတယ်။
ထရမ့်ပ်ကတော့ ၃ နှစ်ကျော်လာပြီဖြစ်တဲ့ ဒီစစ်ပွဲဟာ ဒုတိယကမ္ဘာစစ်အပြီး ဥရောပမှာ သေဆုံးမှုအများဆုံး ပဋိပက္ခဖြစ်တယ်လို့ ပြောဆိုထားပါတယ်။
ယူကရိန်းအစိုးရ ကိုယ်စားလှယ်အဖွဲ့ဟာ အင်္ဂါနေ့က အမေရိကန်ကို ရောက်ရှိနေတာဖြစ်ပြီး စစ်ရေးအရ ပံ့ပိုးမှုတွေ ပိုရဖို့နဲ့ ရုရှားကို ပိတ်ပင်မှုတွေ ပိုလုပ်ဖို့ ရည်ရွယ်ပါတယ်။
ဒါဟာ ယူကရိန်းနဲ့ ရုရှားတို့ ငြိမ်းချမ်းရေးအတွက် ဒုတိယအကြိမ်ဆွေးနွေးမှုအပြီး တရက်အကြာမှာပဲ ယူကရိန်းကိုယ်စားလှယ်အဖွဲ့ အမေရိကန်ကို ရောက်ရှိလာတာ ဖြစ်ပါတယ်။
Source: Reuters