
ဂါဇာမှာ ကျန်ရှိနေသေးတဲ့ အစ္စရေးဓားစာခံတွေ လွတ်မြောက်ရေး ချီတက်ပွဲတခု အမေရိကန်နိုင်ငံ ကော်လိုရာဒိုပြည်နယ်၊ ဘိုလ်ဒါမြို့မှာ ပြုလုပ်နေတဲ့အချိန် လူတယောက်က “ပါလက်စတိုင်း လွတ်မြောက်ပါစေ” လို့ ကြွေးကြော်ပြီး မီးရှို့တိုက်ခိုက်ခဲ့ပါတယ်။
ဇွန် ၁ ရက်က ချီတက်ပွဲ ပြုလုပ်နေချိန် အသက် ၄၄ နှစ်အရွယ် မိုဟာမက် ဆာဘရီ ဆိုလေမန်ဆိုသူက လက်လုပ်မီး သေနတ်တခု သုံးပြီးတော့ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
အသက် ၆၇ နှစ်ကနေ ၈၈ နှစ်အရွယ် ၆ ယောက် မီးလောင်ဒဏ်ရာရခဲ့ပြီး ဆေးရုံတင်ထားရတယ်၊ ကျူးလွန်သူကိုလည်း ဖမ်းမိထားသလို ဆေးရုံတင်ထားရကာ တဦးတည်း ကျူးလွန်တာ ဖြစ်နိုင်တယ်လို့ FBI က ထုတ်ပြန်ပါတယ်။
အခု လုပ်ရပ်ဟာ အကြမ်းဖက်မှုလို့ သံသယရှိပြီး စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။
ချီတက်တဲ့ အုပ်စုတွေဟာ မလွတ်မြောက်သေးတဲ့ အစ္စရေးဓားစာခံတွေ အရေး သတိပြုမိကြစေဖို့ အပတ်တိုင်း စုဝေးလေ့ရှိကြပြီး “Run for Their Lives” အဖွဲ့က စီစဉ်တဲ့ အခမ်းအနားဖြစ်ပါတယ်။
အစ္စရေးနိုင်ငံခြားရေးဝန်ကြီးကတော့ အခုဖြစ်စဉ်ဟာ ဂျူးတွေကို ပစ်မှတ်ထားတဲ့ ဆိုးရွားတဲ့ ဂျူးမုန်းတီးရေး အကြမ်းဖက်တိုက်ခိုက်မှုဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
Source: Reuters