
အစ္စရေးအစိုးရဟာ သိမ်းပိုက်ထားတဲ့ အနောက်ဘက်ကမ်းမှာ ဂျူးနေရပ်အသစ် ၂၂ ခုကို အတည်ပြုလိုက်ပြီဖြစ်ကြောင်း အစ္စရေး ဘဏ္ဍာရေးဝန်ကြီး ဘေဇလဲလ် ရှမော့ထ်ရစ်ချ်က မေ ၂၉ ရက်မှာ ပြောကြားခဲ့ပြီး ဒါဟာ အဲဒီလုပ်ရပ်တွေအပေါ် ပိတ်ဆို့အရေးယူမှုတွေ လုပ်မယ်လို့ ခြိမ်းခြောက်ထားတဲ့ မဟာမိတ်တချို့နဲ့ သဘောထားကွဲလွဲမှုတွေကို ပိုမိုနက်ရှိုင်းစေမယ့် ဆောင်ရွက်မှုတခုလည်း ဖြစ်ပါတယ်။
ဘဏ္ဍာရေးဝန်ကြီး ဘေဇလဲလ် ရှမော့ထ်ရစ်ချ်ဟာ အနောက်ဘက်ကမ်းမှာ အစ္စရေးရဲ့ အချုပ်အခြာအာဏာ အပြည့်အဝ ရှိသင့်တယ်လို့ ထောက်ခံတဲ့ အစွန်းရောက် အမျိုးသားရေးဝါဒီ တယောက်လည်း ဖြစ်ပါတယ်။
အဲဒီ အခြေချအိမ်ရာတွေဟာ အနောက်ဘက်ကမ်း မြောက်ပိုင်းမှာ ဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီး ရှမော့ထ်ရစ်ချ်က လူမှုမီဒီယာ X မှာ ရေးသားခဲ့ပေမဲ့ ဘယ်နေရာ ဆိုတာတော့ အတိအကျ မပြောထားပါဘူး။
အသစ်တည်ဆောက်မယ့် အခြေချနေရပ်တွေမှာ အရင်က တည်ဆောက်ထားတဲ့ ကင်းစခန်းတွေကို တရားဝင်အဖြစ် သတ်မှတ်သွားမှာဖြစ်ပြီး နောက်ထပ် နေရပ်အသစ်တွေကိုလည်း ဆက်တည်ဆောက်သွားမယ်လို့ အစ္စရေးမီဒီယာတွေက ကာကွယ်ရေးဝန်ကြီးဌာနကို ကိုးကားဖော်ပြခဲ့ပါတယ်။
ကာကွယ်ရေးဝန်ကြီး အစ္စရေးလ်ကတ်ဇ်ရဲ့ ပြောရေးဆိုခွင့်ရှိသူကတော့ ဒီကြေညာချက်အပေါ် မှတ်ချက်ပေးဖို့ တောင်းဆိုတဲ့ စာသားမက်ဆေ့ခ်ျကို တုံ့ပြန်ခြင်းမရှိပါဘူး။
အနောက်ဘက်ကမ်းမှာ ကန့်သတ်အုပ်ချုပ်မှုကို ကျင့်သုံးတဲ့ အနောက်တိုင်း ကျောထောက်နောက်ခံပြု ပါလက်စတိုင်း အာဏာပိုင်အဖွဲ့နဲ့ အများစုဖြစ်တဲ့ ဂါဇာအခြေစိုက် အစ္စလာမ္မစ် စစ်သွေးကြွအဖွဲ့ ဟားမတ်စ်တို့က အစ္စရေးရဲ့ ဆုံးဖြတ်ချက်ကို ရှုတ်ချခဲ့ပါတယ်။
ကြေညာချက် ထွက်လာအပြီးမှာ ထိပ်တန်း အစ္စရေး လူ့အခွင့်အရေးအဖွဲ့အစည်းဖြစ်တဲ့ ဘတ်ဇလံမ်အဖွဲ့က လက်ယာယိမ်းအစိုးရဟာ ပါလက်စတိုင်းပိုင်မြေကို ခိုးယူမှုနဲ့ အနောက်ဘက်ကမ်းမှာ လူမျိုးတုံး သုတ်သင်ရှင်းလင်းမှုတွေမှတဆင့် ဂျူးလူမျိုးတွေရဲ့ အာဏာအုပ်စိုးမှုကို မြှင့်တင်နေတယ်လို့ စွပ်စွဲခဲ့ပါတယ်။
ကြေညာချက်ထဲမှာ ဘတ်ဇလံမ်အဖွဲ့ဟာ အစ္စရေးကို ရာဇဝတ်မှုတွေ ကျူးလွန်ခွင့် ပြုထားခြင်းအတွက် နိုင်ငံတကာအသိုင်းအဝိုင်းကို ဝေဖန်ထားပါတယ်။
ဂျူးနေရပ်ဆိုင်ရာ ကိုယ်စားပြု ယက်ရှားကောင်စီ ဥက္ကဋ္ဌ ယစ္စရာအဲလ် ဂန့်ဇ် ကတော့ အဲဒီဆုံးဖြတ်ချက်ကို ချီးကျူးခဲ့ပြီး ဒါဟာ ပါလက်စတိုင်းအာဏာပိုင်အဖွဲ့ရဲ့ နိုင်ငံတည်ထောင်ရေး ကြိုးပမ်းမှုကို တားဆီးဆန့်ကျင်ခဲ့တာ ဖြစ်ကြောင်းလည်း ပြောဆိုခဲ့ပါတယ်။
Source: Reuters