
ဂျာမန် ဘွန်ဒက်စ်လီဂါကလပ် လီဗာကူဆင်အသင်းဟာ မန်ယူနည်းပြဟောင်း အဲရစ်တန်ဟတ်ဂ်ကို ၂ နှစ်စာချုပ်နဲ့ တရားဝင်ခေါ်ယူလိုက်ပါတယ်။
အသက် ၅၅ နှစ်ရှိ ဟော်လန်နည်းပြဟာ လွန်ခဲ့တဲ့ ၇ လက မန်ယူအသင်းကနေ ထုတ်ပယ်ခံခဲ့ရသူဖြစ်ပြီး ရီးရဲလ်နည်းပြဖြစ်လာတဲ့ အလွန်ဆိုရဲ့နေရာကို ဆက်ခံခဲ့တာပါ။
လီဗာကူဆင်က ဂျာမနီမှာ အကောင်းဆုံးအသင်းတသင်းဖြစ်ပြီး ပြီးခဲ့တဲ့နှစ်တွေအတွင်း ခြေစွမ်းတိုးတက်လာမှုတွေကို ဆက်လက်တိုးတက်လာအောင် အတူတကွ လုပ်ဆောင်သွားမယ်လို့ စာချုပ်ချုပ်ဆိုအပြီးမှာ အဲရစ်တန်ဟတ်ဂ်က ပြောပါတယ်။
နည်းပြတန်ဟတ်ဂ်ဟာ အိုင်းယက်စ်အသင်းမှာ ဆုဖလား ၆ လုံးအထိ ရယူပေးနိုင်ခဲ့သလို မန်ယူအသင်းရဲ့ ခက်ခဲကျပ်တည်းတဲ့ ကာလမှာလည်း ဆုဖလားတလုံး ရယူပေးပြီး သူ့ရဲ့အဆင့်အတန်းကို သက်သေပြနိုင်ပြီးသား နည်းပြဖြစ်ကြောင်း လီဗာကူဆင် အားကစားဒါရိုက်တာ ဆိုင်မွန်က ချီးကျူးသွားပါတယ်။
ဟော်လန်နည်းပြဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် အောက်တိုဘာလက မန်ယူနည်းပြရာထူးကနေ ထုတ်ပယ်ခံခဲ့ရပြီးနောက် အသင်းလက်မဲ့ ဖြစ်ခဲ့ပါသေးတယ်။
လီဗာကူဆင်အသင်းဟာ ရီးရဲလ်မက်ဒရစ်ဆီပြောင်းရွှေ့မယ့် နည်းပြ ဇာဗီအလွန်ဆိုနဲ့ ၂ ဦးသဘောတူ လမ်းခွဲခဲ့ပြီးနောက် အဲရစ်တန်ဟတ်ဂ်ကို ခေါ်ယူခန့်အပ်ခဲ့တာပါ။
နည်းပြ တန်ဟတ်ဂ်ဟာ ဂျာမန်ဘောလုံးလောကနဲ့ အစိမ်းသက်သက်တော့မဟုတ်ဘဲ ၂၀၁၃ ခုနှစ်က ဘိုင်ယန်မြူးနစ်အရန်အသင်းကို ၂ နှစ်ကြာ တာဝန်ယူခဲ့ဖူးပါတယ်။
လီဗာကူဆင်အသင်းဟာ အခုနှစ်ရာသီမှာ ဆုဖလားလက်မဲ့ဖြစ်ခဲ့ပေမဲ့ ဘိုင်ယန်မြူးနစ်ရဲ့အောက် ဒုတိယနေရာမှာ ရပ်တည်ခဲ့တာကြောင့် လာမယ့်နှစ် ချန်ပီယံလိဂ်ဝင်ခွင့် ရရှိထားပါတယ်။