
အစ္စရေးလျှို့ဝှက်တပ်ဖွဲ့က ဂါဇာတောင်ပိုင်းက စီးနင်းမှုတရပ်အတွင်း စစ်သွေးကြွ ခေါင်းဆောင်တယောက်ကို သတ်ခဲ့တယ်လို့ ဂါဇာကမ်းမြောင်ဒေသခံတွေနဲ့ ဆေးပညာရှင်တွေက ပြောပါတယ်။
အစ္စရေးစစ်တပ်ဟာ ဂါဇာနယ်မြေအတွင်း ဟားမတ်စ် ဦးဆောင်တဲ့ ပါလက်စတိုင်း စစ်သွေးကြွတွေကို မြေပြင်ထိုးစစ်အသစ် စစ်ဆင်နေချိန်မှာ ခုလိုသတ်ခဲ့တာပါ။
ဟားမတ်စ်နဲ့ မဟာမိတ် စစ်သွေးကြွအဖွဲ့ဖြစ်ပြီး လူကြိုက်များတဲ့ ခုခံရေးကော်မတီအဖွဲ့ရဲ့ တပ်မှူးတယောက်ဖြစ်တဲ့ အာမက်ဆာဟန်ဟာ ရွှေ့ပြောင်းနေထိုင်သူတွေအဖြစ် အသွင်ဆောင်ထားတဲ့ အစ္စရေးသူလျှိုတွေက ခန်းယူနစ်မြို့လယ်ကို ဝင်ရောက်စီးနင်းမှုအတွင်း သေဆုံးသွားခဲ့တယ်လို့ ဆေးဘက်ဆိုင်ရာ အရာရှိတွေက ပြောပါတယ်။
ဆာဟန်ဟာ အသတ်မခံရမီ အစ္စရေးတပ်နဲ့ ထိပ်တိုက်တွေ့ခဲ့ပြီး အစ္စရေးတို့က လေယာဉ်တွေနဲ့ ပစ်ခတ်နေတဲ့ကြားက အကာအကွယ်ယူရင်း ဂါဇာကမ်းမြောင် အရှေ့ဘက်နယ်စပ်ဆီ ဘတ်စ်ကားနဲ့ ဆုတ်ခွာမသွားမီ သူ့ဇနီးနဲ့ သားသမီးတွေကို အစ္စရေးတို့က ထိန်းသိမ်းခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အစ္စရေးက စစ်ရေးလှုပ်ရှားမှုကို အရှိန်မြှင့်လာလို့ လွန်ခဲ့တဲ့ ၈ ရက်အတွင်း တိုက်ခိုက်မှုတွေကြောင့် လူ ၅၀၀ ကျော် သေဆုံးခဲ့တယ်လို့ ပါလက်စတိုင်း ကျန်းမာရေး တာဝန်ရှိသူတွေက ပြောခဲ့ပါတယ်။
စစ်ဆင်ရေးအသစ်မှာပါတဲ့ တပ်ဖွဲ့တွေက ဂါဇာတခွင်မှာ လှုပ်ရှားနေပြီး ဟားမတ်စ်ရဲ့ စစ်ရေးနဲ့ အုပ်ချုပ်မှုစွမ်းရည်ကို ဖယ်ရှားရင်း ၂၀၂၃ ခုနှစ် အောက်တိုဘာလမှာ အဖမ်းခံခဲ့ရတဲ့ လက်ကျန် ဓားစာခံတွေကို ပြန်ခေါ်ဖို့ ကြိုးစားနေတယ်လို့ အစ္စရေးစစ်တပ်က ပြောခဲ့ပါတယ်။
Source: Reuters