
ဧရာ၀တီတိုင်း၊ ဖျာပုံမြို့နယ်က နတ်ပွဲမှာ ကြက်အရှင်ကိုစားပြီး ကပြခဲ့တဲ့ နတ်ဝင်သည်နဲ့ ပွဲစီစဉ်သူတွေကို စစ်ကောင်စီလက်အောက်ခံ ဖျာပုံတရားရုံးက မေ ၁၃ ရက်မှာ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၃ လစီ အမိန့်ချမှတ်ခဲ့ပါတယ်။
မေလ ပထမအပတ်က ဖျာပုံမြို့ အမှတ် ၃ ရပ်ကွက် ဝေနေယျသုခ သောက်ရေကန် ပူဇော်ပွဲမှာ နတ်ဝင်သည် အောင်ကိုမင်းက ကန်သခင်မ ၀င်ပူးကပ်ထားတယ်ဆိုပြီး ကြက်အရှင်ကို ကိုက်စားကာ ကပြခဲ့တဲ့အတွက် ဝေဖန်မှုတွေ မြင့်တက်လာပြီး တရားစွဲခံရကာ အခုလို ထောင်ဒဏ်ချမှတ်ခံရတာပါ။
တရားရုံးနဲ့ နီးစပ်သူတယောက်က “ပွဲကိုစီစဉ်တဲ့သူ ၂ ယောက်ရယ်၊ ကြက်အရှင်ကိုစားပြတဲ့ နတ်ကတော်ရယ် အားလုံး ၃ ယောက် ထောင်ဒဏ်ချမှတ်ခံရတာ။ တယောက်ကို ထောင်ဒဏ် ၃ လစီ အမိန့်ချခံရတာ” လို့ ပြောပါတယ်။
နတ်ဝင်သည်က ကြက်အရှင်ကို အစိမ်းလိုက်စားကာ နတ်ကပြတဲ့ ဓာတ်ပုံတွေ လူမှုကွန်ရက်ပေါ် ပျံ့နှံ့လာပြီးနောက် မြန်မာနိုင်ငံဒေဝါပညာရှင်များ စည်းကမ်းထိန်းသိမ်းရေး (ဗဟို) က အရေးယူမယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။
ဖျာပုံမြို့ခံ နတ်ဝင်သည်တယောက်က “ယုံကြည်မှုတွေ ကိုးကွယ်မှုတွေ မမှားတော့အောင် အရေးယူတာဖြစ်လို့ ကောင်းပါတယ်။ တကယ်နတ်ပူးတယ်လို့ပဲ ထားပါတော့၊ အခုလို အရှင်လတ်လတ် စား ကပြတာတွေ မလုပ်သင့်တော့ပါဘူး” လို့ ပြောပါတယ်။
ဧရာဝတီတိုင်းထဲက ဘိုကလေး၊ မော်ကျွန်း၊ မအူပင် စတဲ့မြို့နယ်တွေ အပါအဝင် ဒေသအများစုမှာ
နတ်ကတဲ့ နတ်ပွဲတွေကို ကြီးကျယ်ခမ်းနားစွာ ကျင်းပလေ့ရှိပေမဲ့ အခုလို နတ်ကတော်ကို ထောင်ဒဏ်ချမှတ်ခဲ့တာ ရှားရှားပါးပါး ဖြစ်ပါတယ်။