
ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်မှာ ၂ လကျော်ကြာ ပျောက်ဆုံးနေတဲ့ အမျိုးသမီးတယောက်ရဲ့ ရုပ်အလောင်းကို ဧပြီ ၂၉ ရက်နေ့လယ်ပိုင်းက ဖျာပုံ-ဘိုကလေး ကားလမ်းဘေးမှာ တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ဧပြီ ၂၉ ရက် နေ့လယ်ပိုင်းက ဖျာပုံမြို့နယ် ကိုးအိမ်တန်းကျေးရွာနဲ့ သကံဂွကြီး ကျေးရွာအနီး၊ ဖျာပုံ-ဘိုကလေးကားလမ်းဘေးမှာ လူအရိုးစုတွေကို ကနဦးတွေ့ရှိတာကြောင့် ကရုဏာရှင်လူမှုကူညီရေးအသင်း (ဖျာပုံ) က သွားရောက်ကူညီဆောင်ရွက်ခဲ့ပြီး ဖျာပုံပြည်သူ့ဆေးရုံ ရင်ခွဲရုံကို ပို့ဆောင်ခဲ့ ပါတယ်၊၊
အဲဒီ တွေ့ရှိတဲ့ အရိုးစုကို စစ်ဆေးရာမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၁ ရက်က ပျောက်ဆုံးသွားတဲ့ ဖျာပုံမြို့နယ်၊ ကျုံတာ ကျေးရွာမှာနေတဲ့ အသက် ၂၃ နှစ်အရွယ် မဖူးဖူးရွှေစင်ရဲ့ ရုပ်အလောင်းဖြစ်ပြီး သေဆုံးသူ အမျိုးသမီးရဲ့လက်မှာ ဝတ်ဆင်ထားတဲ့ ဟန်းချိန်းကလည်း မဖူးဖူးရွှေစင်ရဲ့ ဟန်းချိန်းဖြစ်ကြောင်း မိသားစုဝင်တွေက အတည်ပြုတယ်လို့ ဆိုပါတယ်။
ဖျာပုံဆေးရုံ တာဝန်ရှိ သူတယောက်က “ဆေးရုံက စစ်ဆေးတဲ့သူတွေ၊ တာဝန်ရှိသူတွေနဲ့ မိသားစုတွေက စနစ်တကျ စစ်ဆေးအတည်ပြုခဲ့တာပါ။ အရိုးစုတွေကိုက မနေ့ ၂၉ ရက်က တွေ့တာ။ ပျောက်နေတာ ၂ လကျော်ပြီလို့ သိရတယ်” လို့ ပြောပါတယ်။
အဲဒီအမျိုးသမီးဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၁ ရက်က နေအိမ်ကနေ ဆိုက်ကယ်နဲ့ထွက်သွားပြီးနောက် အိမ်ကို ပြန်မလာဘဲ ပျောက်ဆုံးသွားတာဖြစ်ပြီး ဧပြီ ၂၉ ရက်မှ အခုလို ရုပ်အလောင်းကို တွေ့ရှိခဲ့တာလို့ သိရပါတယ်။
အဲဒီအမျိုးသမီး သေဆုံးရတဲ့အကြောင်းရင်းကို ဖျာပုံမြို့နယ်ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးတာတွေ ဆက်လက်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။