
ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့၊ မယ်ပရပ်ကွက် အဝေးပြေးလမ်းမကြီးပေါ်မှာရှိတဲ့ နောင်ဘွားအဝိုင်းမှာ ထိုင်းလူမျိုးတွေ အထင်ကရထားရှိတဲ့ ရုပ်တုအောက်မှာ ပူဇော်ထားတဲ့ ပစ္စည်းတွေ ဖျက်ဆီးခံရတာကြောင့် ထိုင်းအာဏာပိုင်တွေက အပူတပြင်း ရှာဖွေနေတယ်လို့ ထိုင်းရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။
မေ ၁၄ ရက် ညပိုင်းမှာ ဖျက်ဆီးခံရတာဖြစ်ပြီး ဘယ်လိုလူမျိုးမဆို ထိရောက်တဲ့ အပြစ်ပေး အရေးယူမှု ပြုလုပ်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
မဲဆောက်မြို့မှာ အနှစ် ၃၀ ကျော် နေထိုင်လာသူတယောက်က “ကျနော် ထိုင်းနိုင်ငံမှာနေလာတာ အနှစ် ၃၀ ကျော်ပြီ၊ ခုလိုလုပ်ရပ်မျိုး တခါမှ မကြုံဖူးဘူး။ မြန်မာတွေ အနေကျပ်ပြီပေါ့ဗျာ။ ဆေးသမားတွေလား၊ အရက်သမားတွေလား ဘယ်သူဘယ်ဝါဆိုတာတော့ မသိရသေးဘူး။ ဒါမျိုးမလုပ်သင့်ဘူး” လို့ ပြောပါတယ်။
မဲဆောက်မြို့ကို CDM လုပ်ပြီး ရောက်လာတဲ့ ကျောင်းဆရာတယောက်ကလည်း “ဒီလိုလုပ်ရပ်မျိုးက မသမာဘူး။ မြန်မာတွေ အနေကျပ်အောင် စစ်ကောင်စီက လွှတ်ထားတဲ့ သူတွေလည်း ဖြစ်နိုင်တယ်။ သူတို့က ထိုင်းနိုင်ငံ မဲဆောက် ချင်းမိုင် ဘန်ကောက်ဘက်တွေမှာပါ ရှိနေတာလေ။ ဖျက်ဆီးတဲ့သူ မြန်မာလူမျိုး မဖြစ်ပါစေနဲ့လို့ပဲ ဆုတောင်းရမှာပေါ့” လို့ ပြောပါတယ်။
အဆိုပါ နောင်ဘွားအဝိုင်းမှာရှိတဲ့ ထိုင်းရိုးရာအရ ပူဇော်ထားတဲ့ ပစ္စည်းတွေ ဖျက်ဆီးခံရတာကြောင့် ထိုင်းရဲတပ်ဖွဲ့က မြို့တွင်းလှည့်လည်ရှာဖွေမှုတွေ ပြုလုပ်နေပြီး နောင်ဘွားအဝိုင်းပတ်လမ်း ညဘက် ဖြတ်ကူးမှုတွေ စောင့်ကြည့် CCTV မှတ်တမ်းတွေကို တဆင့်ချင်း စစ်ဆေးနေကြောင်း ထိုင်းရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။