မြဝတီမြို့တဘက်ကမ်း မဲဆောက်မြို့ Lotus ကုန်တိုက်က ရွှေဆိုင် ဓားပြတိုက်သူကို ဖမ်းဆီးရမိတယ်လို့ ထိုင်းရဲတပ်ဖွဲ့က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။
မြန်မာနိုင်ငံသားတွေအဝယ်များတဲ့ Lotus ကုန်တိုက်မှာရှိတဲ့ ဩရသရွှေဆိုင်ကို မတ် ၂ ရက်နေ့က တကိုယ်တော်ဓားပြတိုက်ပြီး ရွှေသား ဘတ် ၄၇ သိန်းဖိုး ယူသွားခဲ့တာကို အခု ၂ လအကြာမှာ ဖမ်းမိပြီလို့ မဲဆောက်ရဲစခန်းမှာ သတင်းစာရှင်းခဲ့တာပါ။
ဓားပြတိုက်သွားသူကို နောက်ယောင်ခံလိုက်ပြီး ချင်းမိုင်မြို့ ရပ်ကွက် ၂ မှာ သူ့ဇနီးနဲ့အတူ တိုက်ရာပါ ပစ္စည်းတွေကိုလည်း ဧပြီ ၃၀ ရက်နေ့မှာ ဖမ်းမိခဲ့တယ်လို့ ထိုင်း ဒု ရဲချုပ်က ပြောပါတယ်။
ရွှေ ၂၀ ကျပ်သားနဲ့အတူ ဖမ်းဆီးရမိခဲ့တာလို့လည်း ဒု ရဲချုပ်က ဆက်ပြောပြီးရွှေထည်တွေကို စစ်ဆေးပြီးရင် ရွှေဆိုင်ပိုင်ရှင်ဆီ ပြန်လွဲပြောင်းပေးသွားမှာဖြစ်သလို ဓားပြတိုက်သူရဲ့ ဆိုင်ကယ်တစီးနဲ့ ကားနှစ်စီးကိုတော့ သိမ်းဆည်းထားတယ်လို့ ဆိုပါတယ်။
ဓားပြတိုက်ခဲ့တဲ့ပုံစံကိုလည်း ဓားပြကိုပြန်သရုပ်ပြခိုင်းခဲ့ပြီး ရွှေဆိုင်သူဌေးကလည်း သက်ဆိုင်ရာ ရဲတပ်ဖွဲ့နဲ့ ဓားပြဖမ်းမိရေး ကူညီသူအားလုံးကို ကျေးဇူးတင်ကြောင်း ပြောပါတယ်။