စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ဆူးလေကုန်းကျေးရွာကို စစ်တပ်က မေ ၉ ရက်နေ့ ညနေပိုင်းမှာ လေကြောင်းကနေ ဗုံး ၄ ကြိမ်ကြဲသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
မိတ္ထီလာ ရှမ်းတဲလေတပ်ကနေတက်လာတဲ့ ဂျက်ဖိုက်တာအမျိုးအစား တိုက်လေယာဉ် ၂ စင်းနဲ့ ဗုံးကြဲခဲ့တာဖြစ်ပါတယ်။
ဆူးလေကုန်းရွာသားတယောက်က “ကျနော်တို့ရွာကို ဘာကိစ္စနဲ့ ဒီလို လေယာဉ်နဲ့လာလာပြီး ဗုံးကြဲနေတာလဲ မသိဘူး။ မြေပြင်မှာတော့ ဘာမှမရှိဘူး။ ဒီနေ့လည်း ကျနော်တို့ရွာကို ၃ နေရာကြဲချသွားတာ။ ရွာမြောက်ပိုင်း လမ်းဆုံကို ၂ လုံး၊ ရွာလယ်ဓမ္မာရုံအနီးကို ၂ လုံး၊ ရွာတောင်ပိုင်းဖျားကို ၂ လုံးကြဲချသွားတာ။ လူတော့ ထိခိုက်တာမရှိဘူး။ အိမ်ကတော့ ၁၀ လုံးကျော်ပျက်စီးပြီး နွား ၁၀ ကောင်ထက်မနည်းလည်း ထိခိုက်ဒဏ်ရာရပြီး သေဆုံးတာတွေလည်း ရှိတယ်ဗျ။ ကျနော်တို့ရွာမှာ သာမာန်အရပ်သားတွေပဲ နေတာပါလို့ စစ်ကောင်စီတပ်ဘက်ကို DVB သတင်းဌာနကနေပြောချင်ပါတယ်” လို့ ပြောပါတယ်။
ဆူးလေကုန်းကျေးရွာဟာ ကနီမြို့အရှေ့ဘက် ၄ မိုင်လောက်အကွာမှာရှိပြီး အိမ်ခြေ ၁၀၀၀ လောက်ရှိတဲ့ ကျေးရွာကြီးဖြစ်ပါတယ်။
ညနေ ၃ နာရီ မိနစ် ၅၀ လောက်နေ ၄ နာရီလောက်အထိ လေယာဉ် ၂ စင်းနဲ့ ၄ ကြိမ် ဗုံးကြဲတာဖြစ်ပြီး တိုက်ပွဲမရှိ၊ စစ်ရေးလှုပ်ရှားတာလည်းမရှိတာကြောင့် အရပ်သားတွေကို ဦးတည်တိုက်ခိုက်တာလို့ ကနီမြို့နယ် သတင်းနဲ့ပြန်ကြားရေးက ဆိုပါတယ်။
ဆူးလေကုန်းရွာကို စစ်တပ်က ပြီးခဲ့တဲ့လပိုင်းကလည်း စစ်တပ်က ဒရုန်းတွေ၊ လေယာဉ်တွေနဲ့ အကြိမ်ကြိမ်တိုက်ခိုက်ခဲ့တာကြောင့် ရွာကနေ ပြောင်းရွှေ့သွားသူတွေလည်းရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။