
စစ်ကိုင်းတိုင်း မြောင်မြို့နယ် ဆူးလေကုန်းကျေးရွာကို ဇူလိုင် ၄ ရက် ညနေပိုင်းမှာ စစ်ကောင်စီ တပ်တွေ မီးရှို့ဖျက်ဆီးခဲ့တာကြောင့် နေအိမ် ၂၃ လုံး ဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရေစကြိုမြို့နယ်ဘက်ကနေ အင်အား ၁၀၀ ကျော်လောက်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဟာ ဇူလိုင် ၄ ရက် ညနေပိုင်းမှာ မြောင်မြို့နယ် ဆူးလေကုန်းကျေးရွာကို ဝင်ရောက်မွှေနှောက်ပြီး မီးရှို့ဖျက်ဆီးခဲ့ကြတာလို့ ဆူးလေကုန်းကျေးရွာ ဒေသခံတယောက်က ပြောပါတယ်။
“စစ်(...)တွေ မီးရှို့ဖျက်ဆီးသွားလို့ ကျနော်တို့ရွာက ပြည်သူတွေရဲ့ နေအိမ် ၂၃ လုံး၊ ဆိုင်ကယ်တွေ၊ နွားတင်းကုတ်တွေ မီးလောင်ဆုံးရှုံးခဲ့ပြီး နွား ၂ ကောင်လည်း သတ်ဖြတ်စား သောက်ခဲ့ကြတယ်။ စစ်(...)တွေက ရေစကြိုဘက်ကနေ စက်လှေတွေနဲ့ ချင်းတွင်းမြစ်ကြောင်းအတိုင်း စစ်ကြောင်းထိုး လာတာ။ နနွင်းကိုင်းရွာဘက်ကို ရောက်ပြီလို့ သတင်းကြားတာနဲ့ ရွာလုံးကျွတ် ဘေးလွတ်ရာကို ထွက်ပြေးခဲ့ရတာ။ စစ်(...)တွေ ပြန်ထွက်သွားတော့မှ ပြည်သူကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ ရွာထဲဝင်ပြီး မီးငြိမ်းသတ်ခဲ့ရတယ်။”
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာ စစ်တပ်အာဏာသိမ်းတဲ့ ဖေဖော်ဝါရီ ၁ ရက်ကနေ မေ ၃၁ ရက် အထိ အိမ်ခြေ ၁၃,၈၄၀ လုံးကို စစ်ကောင်စီတပ်တွေက မီးရှို့ဖျက်ဆီးခဲ့ကြပြီး တနိုင်ငံလုံး အတိုင်းတာနဲ့ ဆိုရင် အိမ်ခြေပေါင်း ၁၈၈၈၆ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ Data For Myanmar က ထုတ်ပြန်ထားပါတယ်။